သတင်း

ဆင်ဖြူရှင် တံတား ဂိတ်စခန်းကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ရဲနှင့်စစ်သားများ သေဆုံး

စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း ကြားရှိ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဒေသခံကာကွယ်ရေးတပ် ၃ ဖွဲ့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဆားလင်းကြီး (Salingyi Special Task Force) မှ သိရသည်။

အဆိုပါ ဂိတ်စခန်းသည် ဒေသခံပြည်သူများကို ငွေကြေးတောင်းခံခြင်း၊ မတရားစစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများနှင့် ပူးပေါင်းရန် သတိပေးခဲ့သော်လည်း ပူးပေါင်းခြင်းမရှိသဖြင့် ဆားလင်းကြီး (Salingyi Special Task Force)နှင့် မဟာမိတ်(၃)ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည်ဟု Salingyi Special Task Force မှ ကို ဖိုးဇေက ပြောသည်။

“ကျနော်တို့က ပြည်သူတွေကို ပူးပေါင်းဖို့အစတည်းက ကြေညာထားပြီးသားဗျ။ အဲ့မှာသူတို့က ပြည်သူတွေနဲ့ မပူးပေါင်းတာရော၊ ပြည်သူတွေအပေါ်ညှဥ်းပန်းနှိပ်စက်တာတွေရှိတာရော နောက်ပြီး ပြည်သူတွေပေါ်အခွန်တွေဆို ဆက်ကြေးပုံစံမျိုးကောက်တာပေါ့နော်။ အဓိကကတော့ ပြည်သူတွေနဲ့မပူးပေါင်းလို့ပေါ့ ဒါ့ကြောင့် ကျနော်တို့ တိုက်ပွဲဖော်ဆောင်ဖို့ အစီစဥ်ဆွဲခဲ့တာဗျ။ သုံးကောင်သေတယ် တစ်ကောင်ကိုတော့အရှင်ဖမ်းမိတယ်” ဟု ၄င်းက ဆိုသည်။

ဖမ်းမိသည့် ရဲကို လက်ရှိတွင် အချုပ်ထည့်ဖမ်းဆီးထားပြီး NUG အမျိုးသားညီညွှတ်ရေးအစိုးရနှင့် ချိတ်ဆက်ကာ အရေးယူမှု လုပ်ဆောင်သွားမည်ဟု သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှလည်း ထိခိုက်မူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုဂိတ်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅ ယောက်ခန့်ရှိကြောင်း သိရသည်။

“ကျနော်တို့ကအလစ်အငိုက်ဝင်တိုက်ခဲ့တဲ့ပုံစံဆိုတော့ ပစ်အားအင်အားသာတာကြောင့် တော်တော်လေး လွှမ်းမိုးခဲ့တယ်။ ပြီးတော့ကျန်တဲ့သူတွေက ထွက်ပြေးသွားကြတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုဖိုးဇေက ဆိုသည်။

ဒါ့အပြင် ဂျီသရီး (၄)လက်၊ အူစီ(၃)လက်၊ခြောက်လုံးပြူး(၁)လက်၊ကျည်(၁၀၀၀)၊ ဆိုင်ကယ်(၄)စီး နှင့် ငွေကျပ် သိန်း(၁၀၀)ကျော် သိမ်းဆည်းရမိခဲ့သည်ဟု Salingyi Special Task Force ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Show More

Related Articles

Back to top button