သတင်း

ထင်းစည်းချိုး သားအဖ သုံးယောက်ရုပ်တုကို KSCM အဖွဲ့မှ မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ နယ်မြေရှိ ‘အဖိုးအိုနှင့် သားသုံးယောက်’ ထင်းစည်းချိုး ရုပ်ထုကို KSCM က မီးရှို့ဖျက်ဆီးကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်ည ၈နာရီဝန်းကျင်တွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး စည်းလုံးမူကိုဖော်ဆောင်သည့် အဆိုပါရုပ်ထုသည် စစ်တပ်၏ အတုအယောင် ဝါဒဖြန့်ရာတွင်သုံးသည့် အရာဖြစ်သည့်အတွက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း KSCM မှ တာဝန်ရှိသူကပြောသည်။

“ဒီနေရာကို ဘာလို့လုပ်တာလဲဆိုရင် လက်တွေ့မှာစစ်တပ်ရဲ့ ဝါဒဖြန့်တဲ့နေရာမှာအသုံးပြုနေတဲ့‌ နေရာတွေမှာသုံးနေ‌တဲ့ အတုအယောင်ဖြစ်တယ်။ ဂျင်းထည့်ခံနေရတဲ့သမိုင်းတွေကိုမြင်ဖို့ စည်းလုံးမူမရှိတာကို ပြချင်တဲ့အတွက် ဒီနေရာကို လုပ်ခဲ့တာဖြစ်တယ်

Kachin State Civilian Movement သပိတ်ကော်မတီမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ယနေ့ကျရောက်သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲ ၁၁ နှစ်ပြည့်သည့်နေ့တွင် စစ်ရှောင်အရေးကို ပိုမို အလေးပေးကြဖို့နှင့် စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြဖို့အတွက် ရည်ရွယ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

အလားတူ ယင်းဆန္ဒထုတ် ဖော်ခဲ့မှုနဲ့ပတ်သက်ပြီး KSCM သပိတ်ကော်အတီ၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း”တကျော့ပြန်ကချင်စစ်ပွဲကြောင့် ခံစားနေရတဲ့စစ်ရှောင်တွေ၊ မတရားမှုကြောင့် အသက်စတေးခဲ့ရတဲ့ ပြည်သူတွေကို အောက်မေ့သတိရလျက်။တော်လှန်ရေးကြာရှည်လာသည်နှင့် အမျှ စည်းလုံးမှု အားနည်းလာသော ပြည်သူတွေအနေဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ရန်၊ Boycott, social punishment များဆက်လက်ပြုလုပ်ရန်၊ CDM များအားဆက်လက်ကူညီရန်နှင့် CDM ဝင်ရောက်လာရန် ဓမ္မဘက်ရပ်တည်ကြရန်”ရုပ်ထုကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ရေးသားထုတ်ဖော်ထားသည်။

“အဓိကတော့ စည်းလုံးညီ ညွတ်မှုအားနည်းလာလို့ စည်းလုံးညီညွတ်မှုရှိလာစေဖို့သတိပေးလုပ်ဆောင်တဲ့သဘောပဲ။ ပြီးတော့ဒီရုပ်တုက တိုင်းရင်းသားတွေကို စည်းလုံးညီညွတ်ရေးဆိုတဲ့ အယောင်ကိုနှစ်ပေါင်းများစွာအယုံသွင်းခဲ့တယ်။ စည်းလုံးညီညွတ်မှု ဆိုတဲ့သင်ခန်းစာဆို နိုင်ငံရေးအတွက်အသုံးချခဲ့တဲ့ ရုပ်ထုကိုအလိုမရှိလို့ မီးရှို့ဆန္ဒ ထုတ်ဖော်ကြတာပေါ့”ဟု မြစ်ကြီးနားမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ပြောသည်။

ထင်းစည်းချိုး ရုပ်တုသည် မြန်မာနိုင်ငံအနှံ့မြို့ကြီးများနှင့် ကချင်ပြည်နယ်တွင်လည်း မြစ်ကြီးနားမြို့၊ ဝိုင်းမော်၊ တနိုင်းမြို့၊ ပူတာအို၊ ချီဖွေမြို့နှင့် အခြားမြို့များတွင် စိုက်ထူထားပြီး မီးရှို့ဖျက်ဆီးခံရမှုမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်။

မီးရှို့ခံထားရသည့် အဆိုပါရုပ်ထုအား စစ်ကောင်စီတပ်မှ ယနေ့ပြန်လည်ပြင်ဆင်နေကြပြီဖြစ်‌ကြောင်း သိရသည်။

Show More

Related Articles

Back to top button