သတင်း

ဧရာဝတီ မြစ်ရေ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ပြည်နယ်မိုးဇလ သတိပေးထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် လက်ရှိအခြေအနေထက် ထပ်မံ မြင့်တက်လာနိုင်သောကြောင့် မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးနေထိုင်သူများ၊ ခရီးသွားလာသူများ ဂရုစိုက်သင့်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ယနေ့ ထုတ်ပြန်ထားသည်။

ဧပြီလ ၁၅ရက်နေ့ နံနက် ၉နာရီခွဲချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် (၅၆၆) စင်တီမီတာမှ နေ့လည် ၁၂နာရီခွဲ တိုင်းထွာချက်တွင် (၅၉၂) စင်တီမီတာသို့‌ ၁နာရီတွင် ၁ပေနူန်းဖြင့် မြင့်တက်နေသောကြောင့် နောက်ထပ် ၄ ရက်အတွင်း မြစ်ရေ ထပ်မံတက်လာနိုင်သည့်အတွက် ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှတာဝန်ရှိသူက‌ ယခုလို ပြောသည်။

“အဓိကမြစ်ရေကတော့ ပူတာအိုဘက်က ခေါင်လန်ဖူး၊ ပန်နန်းဒင်၊ နောင်မွန်း အဲဘက်ကရှိတဲ့ရေခဲတောင်ပေါ်ဒီချိန်က မိုးရွာတယ်။ ပြီးတော့အပူချိန်ကလည်းများလာတော့ရေခဲရေအရည်ပျော်ပြီးဆင်းတယ်။ အဲမှာမိုးရွာတော့ ရေခဲကို ရေနဲ့လောင်းလိုက်သလိုဘဲ။ ရေခဲရေလည်း ပါလာတော့ ပိုများတယ်။ အဲလိုအလုံးအရင်းဆင်းလာတတ်တယ် အဲကြောင့် မြစ်ကမ်းမှာ လုပ်ကိုင်စားသောက်တဲ့သူတွေအနေနဲ့ မိုးလေဝသသတင်းကိုနားထောင်ပြီး သတိထားနေသင့်တယ်” ဟု ကချင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှတာဝန်ရှိသူက‌ ပြောသည်။

ဧရာဝတီမြစ်ရေသည် ယခင်နှစ်များတွင်လည်း သင်္ကြန်ကာလ‌ချိန် ပုံမှန်ထက်အနည်းငယ် မြင့်တက်နေကျဖြစ်သော်လည်း ယခုနှစ်တွင်မူ ဧပြီလ ၂ရက်နေ့တစ်ကြိမ် ၊ဧပြီလ ၅ရက်နေ့တစ်ကြိမ်၊ ဧပြီလ ၁၀ရက်နေ့တစ်ကြိမ် ရေဝင်ရောက်လာခဲ့သည့်အတွက် ယခုနှစ်တွင် ရေဝင်ရောက်မှု အနည်းငယ်စောနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ် မိုးဇလ၏ ဧပြီလ ၁၅ရက်နေ့ နေ့လည် ၁၂နာရီခွဲ ထုတ်ပြန်ချက်အရ သတိထားနေထိုင်ရန် လိုအပ်သည့်မြို့နယ်များသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၈)ပေမှ (၉)ပေခန့်၊ နောက်(၅)ရက်မှ (၈)ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် (၆)ပေမှ (၇)ပေခန့်၊ နောက်(၈)ရက်မှ (၁၃)ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့ပါရှိသည်။

ယင်းမြို့များတွင် လက်ရှိ (၃)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်သဖြင့် မြစ်ကြောင်းတစ်လျောက် ရေယာဉ်၊ လှေ၊ သင်္ဘောများနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ ဂရုပြုသင့်သည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ဧရာဝတီမြစ်ရေအတက်အကျသည် မေခမြစ်နှင့် မလိခမြစ်အပေါ်တွင်ရှိသည့် ရေစီးဆင်းမှုနှင့်ရေကာတာ၊ မူတည်လျက်ရှိသည်။

၂၀၂၀ ခုနှစ်အထိ မေခမြစ်ပေါ်တွင်ရေကာတာ ၂ခုရှိပြီး မလိခမြစ်ပေါ်တွင် ရေကာတာ ၆ခုရှိကြောင်း ပြည်နယ်မိုးဇလမှ သိရသည်။

သို့သော် ပူတာအိုဘက်မှစီးဆင်းလာသည့် မလိခမြစ်ပေါ် ရေကာတာ ၂ခု၏ ရေစီးဆင်းမူနှင့် ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိနိုင်သော်လည်း မေခမြစ်ပေါ်တွင်ရှိသည့် ရေကာတာ ၆ ခု၏ ရေစီးဆင်းမူနှင့် ပတ်သက်သည့်အချက်များကို သိရှိရန်ခက်ခဲကြောင်း သိရသည်။

အဘယ့်ကြောင့်ဆိုသော် မလိခမြစ်ပေါ်ရှိရေကာတာ ၆ ခုသည် တရုတ်နိုင်ငံဘက်မှ တည်ဆောက်ထားသောကြောင့် ဖြစ်ကြောင်းသိရသည်။

Show More

Related Articles

Back to top button