သတင်း

ဆားလင်းကြီး မြို့မရဲစခန်းနှင့် အခြားနေရာများကို လက်နက်ကြီးဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့မရဲစခန်း နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်နေရာများကို ဒေသကာကွယ်ရေးတပ်ပေါင်းစု မှ ဇွန်လ၅ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လက်နက်ကြီးဖြင့် အကြိမ် ၁၂၀ ကျော် တိုက်ခိုက်ခဲ့သည်ဟု ဆားလင်းကြီး PDF က သတင်းထုတ်ပြန်သည်။

“ကျနော်တို့ mission ၅ ရက်နေ့ နေ့လည်လောက်ကစွဲတယ်။ စွဲပြီးတော့ ညနေ ၃နာရီလောက်မှာ သတင်းကပေါက်သွားတယ်။ မြို့ပေါ်မှာ သတင်းပေါက်သွားတော့ ကျနော့အဖွဲ့တွေလည်း ကျနော်ကပြောပြီးသားဆိုတော့ mission စ လုပ်တယ် တာဝေးပစ်ပဲ ရည်ရွယ်လိုက်တာပေါ့”ဟု ဖြစ်စဉ် ကို အဆိုပါ တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောပြသည်။

အစီစဉ်ပေါက်ကြားသွားသောကြောင့် ရဲစခန်းတောင်ဘက်တွင် စစ်ကောင်စီက နေရာယူထားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ပေါင်းစုက မြောက်ဘက်မှ နေရာယူ ပစ်ခတ်ခဲ့ရာ ဗိုလ်လေးအဆင့် ၂ဦး အပါအဝင် ၅ ဦး ဒဏ်ရာရကြောင်း ဆားလင်းကြီး PDF မှ ရဲဘော်တစ်ဦးက KNG သို့ အတည်ပြု ပြောကြားသည်။

ထို့နောက် စစ်ကောင်စီဘက်ကလည်း ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဆားလင်းကြီး မြို့ပေါ်မီးသတ်ရုံးပေါ် ကျခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ မြို့မရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် နေရာယူတပ်စွဲ ထားကြောင်းလည်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို ဆားလင်းကြီး PDF ၊ ချင်းတွင်း ဂဠုန်ရာဇာ၊ BED ငညို လက်နက်ကြီးအဖွဲ့၊ ဆားလင်းကြီး GZ၊ One Star Task Force၊ သမန်းကျားတပ်ဖွဲ့၊ Y.P.F၊ S.R.A၊ C.D.F၊ သေမင်းတမန်ပြောက်ကျားအဖွဲ့၊ စစ်သူကြီးအဖွဲ့၊ တောဘုရင်၊ Killers United၊ Federal Democratic Revolution Force၊ Brother Defence Force (B.D.F)၊ Fight For Freedom (F.F.F) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Show More

Related Articles

Back to top button