သတင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် တုံရွာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၃ရက် ယမန်နေ့ ဆားလင်းကြီး Salingyi GZ Local PDF မှ ရဲဘော်နှစ်ဦးအား ဖမ်းဆီးသွားကြောင်း ဆားလင်းကြီး PDF အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နေ့လည် ၁၂နာရီဝန်းကျင်တွင် မုံရွာအနောက်ဖက်ကမ်းမှ တုံရွာဘက်သို့ ဝင်ရောက်လာချိန် ရွာသားများနှင့် ဆားလင်းကြီး PDF အဖွဲ့ဝင်တစ်ချို့တို့ ထွက်ပြေးခဲ့ရာတွင် ဆိုင်ကယ်တစ်စီးတွင် ဓာတ်ဆီပြတ်လပ်သွားသည့်အတွက် ရွာဘက်သို့ ဓါတ်ဆီပြန်လာယူချိန်တွင် စစ်ကောင်စီတပ်များနှင့် တိုးဝင်ခဲ့သဖြင့် ဖမ်းဆီးခံလိုက်ရသည်ဟု ဆားလင်းကြီး PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောဆိုသည်။

“ဖမ်းခံရတာက ကျနော်တို့နဲ့မဟာမိတ်တစ်ဖွဲ့ထဲပါဘဲ။ အဲ့ကလေးနှစ်ယောက်က ရွာထဲကနေ ထွက်ပြေးလာတာ သူတို့နှစ်ယောက်ကထွက်ပြေးရင်းနဲ့ တစ်ခြားဆိုင်ကယ်တစ်စီးမှာ ဆီလိုတယ်ဆိုပြီးတော့ နောက်ပြန်သွားလိုက်တာ အဲ့မှာ စစ်သားတွေနဲ့တိုးပြီးဖမ်းခံလိုက်ရတယ်”ဟုပြောဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် တုံကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန် လက်နက်ကြီးများပစ်ခတ်ကာ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံ ၅ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး PDF အဖွဲ့၏ လက်လုပ် သေနတ် ၂၀လက် ခန့်ကိုလည်း ဖမ်းဆီးသိမ်းယူသွားခဲ့သည်ဟု သူကဆက်ဆိုထားသည်။

“စစ်သားတွေ ရွာထဲမှာဝင်လာချိန် လက်နက်ကြီးတွေနဲ့ပစ်ပြီးဝင်လာတယ်။ ရွာမှာ ရွားသား ၅ယောက်ကလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရထားတယ်။ အဲ့ဒါကို ကျနော်တို့ ဆီက CDM ဆရာမတစ်ယောက်ကို ပြန်ကုပေးခိုင်းတယ်။ နောက် စစ်သားတွေဝင်နားတဲ့ ဘုန်းကြီးကျောင်းရဲ့ ဂိုဒေါင်ထဲမှာ PDF အဖွဲ့လုပ်ထားတဲ့ လက်လုပ်သေနတ် ၂၀လောက်လည်းသိမ်းယူသွားတယ်”ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တုံကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ပြည်သူ ၈၀၀ကျော်ခန့်က ဘေးလွတ်ရာ နီးစပ်ရာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

တုံကျေးရွာသည် ဆားလင်းကြီးမြို့နယ်၏ မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး ဆိုင်ကယ်ဖြင့် မိနစ်၂၀ခန့်သွားရသော ကျေးရွာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် တုံကျေးရွာ၏ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲနေထိုင်လျက်ရှိနေကြောင်းလည်း ဆက်သိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ စစ်အင်အားအလုံးအရင်း ဝင်ရောက်စီးနင်းမှုများပြုလုပ်နေပြီး ဇွန်လ ၂၁ရက်နေ့တွင်လည်း မိုးကြိုးပြင်(မြောက်)ရွာကို လူနေအိမ် ၂၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် လက်ရှိတွင် ဒေသခံပြည်သူ ၂၀၀၀ခန့် မီးဘေးသင့်နေရကြောင်းလည်းသိရသည်။

Show More

Related Articles

Back to top button