သတင်း

ဆားလင်းကြီးတွင် ပြည်သူ ၇ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာတွင် ရပ်ရွာကာကွယ်ရေး ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဆားလင်းကြီး ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စစ်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းသည် ယမန်နေ့ည ၈ နာရီဝန်းကျင် ငွေသာကျေးရွာ ကို လက်နက်ငယ်များ ပစ်ဖောက်ကာ ဝင်ရောက်တပ်စွဲခဲ့ရာ ကင်းစောင့်နေသည့် ရွာသား ၇ ဦးကို ဖမ်းဆီးသွား‌ကြောင်း သိရသည်။

“စစက ရွာထဲကိုဝင်ဝင်ချင်းတော့ လက်နက်ငယ်တွေနဲ့ပေါ့ဗျာ။ သူတို့မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ ပြီးတော့ရွာထဲကိုဝင်စီးတယ်။ ကျနော်တို့ကြားတာက ရွာသားတွေက ကင်းစောင့်တာ နောက်ကနေလှည့်ပြီး ဖမ်းသွားတယ်လို့ကြားတယ်” ဟု ဆားလင်း PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးကြောင်း ဆက်လက်ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က မကြာခနဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ပြည်သူများကို မီးရှို့သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျှက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ညပိုင်းက ဆားလင်းကြီး PDF နှင့် ဒေသကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်းကာ ဆားလင်းကြီးမြို့နယ် စစ်ကောင်စီများ တပ်စွဲထားသည့် မြို့မရဲစခန်းနှင့် အခြားသောတပ်စွဲထားသည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ် ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button