သတင်း

ထီးချိုင့်နယ် အလယ်တောဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီ ထီးချိုင့်မြို့နယ် ပေါက်ကုန်းကျေးရွာမှ အလယ်တောဘက်သို့ ခြေလျင်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ တပ်သား ၃ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးခန့်ရှိကြောင်း PDF အဖွဲ့ထံမှ သတင်းရရှိပါသည်။

ဇွန်လ ၁၃ရက်နေ့ ပေါက်ကုန်းကျေးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ် စစ်အင်အား ၄၀ ခန့်သည် ဇွန်လ ၁၄ရက် ယနေ့ နံနက် ၆နာရီအချိန်တွင် တက်လာခဲ့ရာတွင် အလယ်တောသင်္ချိုင်းကုန်းအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“သူတို့က အလယ်တောရွာကနေ အထက်ပိုင်းကိုပြန်တက်မယ့် အချိန်မှာ လမ်းမှာ မိုင်းလေးလုံးတွဲနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သုံးယောက်ကတော့ မျက်မြင်ကိုယ်တွေ့ကျသွားတယ်။ ဒဏ်ရာရကတော့ငါးယောက်လောက်ရှိမယ်ဗျ”ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွးသည့် စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို အလယ်တောသုဿန်တွင် စုပုံထားခဲ့ပြီး ဒဏ်ရာရှိသူများကို အလယ်တောရွာသို့သယ်ယူသွားကာ ဆေးကုသမှုပေးနေကြောင်းလည်း ဆက်လက်သိရပါသည်။

“စစ်ကြောင်းပြန်ဝင်လာတော့ ရွာသားတစ်ချို့တွေက တိမ်းရှောင်ကြတယ်။ တစ်ချို့က သိတဲ့အတိုင်း မိုင်းဆွဲတိုက်ခိုက်ခံရတော့ပြေးတဲ့လူကပြေးတယ်။ မပြေးတဲ့လူကတော့မပြေဘူး။ ဒီတိုင်းရတဲ့နည်းနဲ့ ရှောင်နေကြတယ်”ဟုဆက်ဆိုထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံတစ်ချို့ပြောဆိုချက်မှသိရသည်။

ထီးချိုင့်နယ်တွင် စစ်ကောင်စီစစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှု ၁၀ ကြိမ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၅ ဦးခန့်ရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button