သတင်း

မိုးကြိုးပြင် (မြောက်) ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ခေါင်းဖြတ်သတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင် (မြောက်) ကျေးရွာမှ ယမန်နေ့ ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည့် ပြည်သူ ၂၀ ဦးထဲမှ ၂ ဦးအား စစ်ကောင်စီတပ်မှ ခေါင်းဖြတ်သတ်လိုက်ပြီဖြစ်ကြောင်း Salingyi Revolution Army (SRA) မှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ မိုးကြိုးပြင်ကျေးရွာသို့ လက်နက်ကြီးပစ်ကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ကျေးရွာ နေအိမ်များ မီးရှို့ခဲ့သည့်အပြင် ဒေသခံ ၂၀ ဦးကို ဖမ်းဆီးသွားပြီးနောက် ထိုအထဲ ပြည်သူ ၂ ဦးကို မိုးကြိုးပြင်ရွာအနီးတွင်း ခေါင်းဖြတ် သတ်ထားကြောင်း Salingyi Revolution Army (SRA) တာဝန်ရှိသူ တစ်ဦးပြောသည်။

“လောလောဆယ် နှစ်လောင်းကိုတော့ ခေါင်းဖြတ်ထားတယ်။ လက်တွေလည်းဖြတ်ထားတယ် ပွကြီးနဲ့ တင်စိုး လို့တော့ ကျနော်တို့သိထားတယ်။ အသက်ကတော့ဘယ်လောက်ရှိမလဲမသိနိုင်ဘူး။ အလောင်းကို ဒီမနက် ၈နာရီလောက်မှာတွေ့တာ”ဟုပြောဆိုသည်။

အသတ်ခံလိုက်ရသည့် အဆိုပါ အမျိုးသား ၂ ဦးသည် မိုးကြိုးပြင် ရွာခံနှစ်ဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု Salingyi Revolution Army(SRA) က ဆက်ပြောသည်။

ထို့ပြင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မိုးကြိုးပြင် ကျေးရွာအနီးမှ ဆည်တဲကျေးရွာကို ဝင်ရောက်တပ်စွဲထားပြီး ဆည်တည်ကျေးရွာဘုန်းကြီးကျောင်းတွင် ပြည်သူ ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်း ၇ နာရီဝန်းကျင်ကစပြီး မိုးကြိုးပြင် (မြောက်) ရွာကို စတင်ဝင်ရောက် မီးရှို့ခဲ့တာဖြစ်ပြီး မီးရှို့ခံရသည့် နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း ရွာ၏ ၃ပုံ၂ပုံခန့် မီးထဲပါသွားနိုင်သည်ဟုလည် ဆက်သိရသည်။

Show More

Related Articles

Back to top button