တနိုင်းမှာ စက်သုံးဆီသယ်ခွင့်ပိတ်လိုက်တဲ့နောက် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ၂ လနီးပါးကြာပိတ်ထားတဲ့အတွက် ဒေသခံတွေအဓိကသွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်နှင့်ရှင်ဗွေယန်နယ်တွေထဲ စက်သုံးဆီသယ်ယူခွင့်ကို ဇွန်လ တတိယ ပတ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ စက်သုံးဆီပြတ်လပ်နေသလို ဆီလက်ကျန်ရောင်းသူတွေကလည်း တစ်လီတာကို ကျပ် ၁၀၀၀၀ နဲ့ရောင်းချပေးနေတာကြောင့် ဒေသခံတွေ သွားလာရေးအခက်အခဲ ဖြစ်လာတယ်လို့ ရှင်ဗွေယန်မြို့ နေအသက် ၃၀ ကျော်အမျိုးသားတစ်ဦးကပြောပါတယ်။
“ဆီကမရဘူးလားဆိုတော့ရတယ် ဒါပေမယ့်လီတာနဲ့ပဲရတယ်။ ဂါလံနဲ့မရဘူး ရေသန့်ဗူးကြီးတစ်ဗူး ၁၀၀၀၀ တဲ့ ဒါတောင်ဗူးမပြည့်ဘူး သွားသွားလာလာတော့အရင်လိုဆိုင်ကယ်နဲ့မသွားလာနိုင်တော့ဘူးပေါ့။ ပိုက်ဆံရှိတဲ့လူတောင် ပုံမှန်မဝယ်စီးနိုင်တာပိုက်ဆံမရှိတဲ့လူဆိုပြောစရာကိုမရှိတော့ဘူးခုခြေနေကတော့”လို့ အထက်ပါအမျိုးသားကပြောပါတယ်။
အခုလိုစက်သုံးဆီသယ်ယူခွင့် ပိတ်ထားတဲ့အတွက် တနိုင်းမြို့ပေါ်နဲ့ ရှင်ဗွေယန်ပေါ်က ဆီပန့်ဆိုင်ကြီးတွေပိတ်နေတာဟာ ဇွန်လကတည်းကဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိဆီလက်ကျန်ရောင်းတဲ့အပြင်ပုလင်းချိန်ရောင်းတဲ့ဆိုင်တွေမှာသာ စျေးကြီးပေးနေရတာကြောင့် နေ့စဥ်သွားလာရေးခက်ခဲလာတဲ့အကြောင့် တနိုင်းမြို့နေအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“ဆီကားတော့မဝင်ခိုင်းသေးဘူးရှင့် တနိုင်းမြို့အဝင်ဂိတ်မှာလည်း အများကြီးပိတ်မိနေတာတွေတွေ့တယ် အခုတနိုင်းမြို့ပေါ်မှာက တစ်လီတာတစ်ဗူးကို ၉၀၀၀ ရှင့် ကျွန်မတို့ကတော့ ဝယ်မထည့်နိုင်ဘူးလေး ကျွန်မတို့နေတာက မြို့ပြင်ဘက်ကျတယ် ခါတိုင်းကလေးတွေကိုဆိုင်ကယ်နဲ့ကျောင်းပို့တာအခုဆီစျေးတက်တော့မပို့နိုင်ဘူးအဝေးကြီးခြေလျင်သွားပြီတက်ရတာကျောင်းကို”လို့ သူကပြောပါတယ်။
စစ်ကောင်စီက တနိုင်းမြို့နယ်ထဲဆီကားတွေကို တနိုင်းမြို့အဝင်ဂိတ်ကနေ တားမြစ်ထားသလို ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာလ ည်း တရုံဂိတ်၊ တိန်ကောက်ဂိတ်တွေကနေ တားမြစ်ပိတ်ပင်ထားတာဖြစ်ပြီး အိမ်သုံးဖို့ ဂါလံပုံးအသေးနဲ့သယ်ယူသူတွေကိုပါ စိစစ်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဆီကလုံးဝကိုသယ်လို့မရဘူးဟိုနေ့က မြို့ထဲက ကားသမားတစ်ယောက် အိမ်သုံးဖို့ဆိုပြီး တစ်ဂါလံလားသယ်လာတာမိလို့သိမ်းသွားတယ် အဲ့ကြောင့်ကားသမားတွေက တနိုင်း မြစ်ကြီးနားကနေ လုံလောက်အောင်ထည့်လာရတာ”လို့ ရှင်ဗွေယန် မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီက တနိုင်းမြို့နယ်ကို စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပြီး KIAနှင့်PDF တို့ကို စက်သုံးဆီ၊ နားနပ်ရိက္ခာတွေဖြတ်တောက်လိုတာကြောင့် အခုလို စက်သူံးဆီဝင်ခွင့်ပိတ်ပင်တာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် KNG ကသီးခြားအတည်ပြုထားခြင်းမရှိသေးပါဘူး။
လတ်တလောကချင်ပြည်နယ် တနိုင်းနဲ့အလားတူ ဖားကန့်မြို့နယ်တွေမှာလည်း စက်သုံးဆီသယ်ယူခွင့် တားမြစ်ခံထားရပါတယ်။