စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန် အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။
“အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာ”လို့ သူကပြောပါတယ်။
စစ်ကောင်စီဟာ အရင်က အင်းတော်မြို့အဝင်ထွက်မှာသာ စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်ကနေစပြီး မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့်အင်းတော်မြို့အထွက်သံလမ်းနားမှာ ထပ်ပြီးစစ်ဆေးနေတာဖြစ်ပြီးလမ်းသွားလမ်းလာပြည်သူတွေရဲ့ လက်ကိုင်ဖုန်းအပြင်၊ ကား၊ဆိုင်ကယ်တွေကိုလည်း စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီအမျိုးသမီးငယ်၂ ဦးဟာ အင်းတော်မြို့ထဲကဖြစ်ပြီး လက်ကိုင်ဖုန်းထဲမှာ နိုင်ငံရေးနဲ့ မလွတ်ကင်းတဲ့အချက်အလက်တွေ စစ်ဆေး တွေ့ရှိ တာကြောင့်ဖမ်းမိသွားတာလို့ ဒေသခံတွေကဆိုပါတယ်။
“နိုင်ငံရေးနဲ့မလွတ်ကင်းတဲ့အချက်လက်တွေကို ပါတယ် ပြီးတော့ နိုင်ငံရေးပို့စ်တွေ လူမှုကွန်ယက်မှာပြန်လည်မျှဝေတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဖမ်းတာ ဟုတ်တယ်”လို့ပြောပါတယ်။
စစ်ကောင်စီက အခုလိုစစ်ဆေးဖမ်းဆီးမှုတွေကို မနက် ၆ နာရီကနေ ည ၆နာရီအထိ ပြုလုပ်နေတာဖြစ်ပြီး ညဘက်မှာလည်း မြို့တွင်းမြို့တွင်းကားတွေနဲ့လည့်လှည်ပြီး စစ်ရေးလှုပ်ရှားတာတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အင်းတော်မြို့နယ်ပညာရေးမှူးရုံးရှေ့စစ်ဆေးရေးဂိတ်မှာ သြဂုတ် ၉ ရက်နေ့ကလည်း အမျိုးသားတစ်ဦး ၊သြဂုတ် ၁၁ ရက်နေ့က အမျိုးသား တစ်ဦးနဲ့အမျိုးသမီးတစ်ဦး ၊သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားတစ်ဦးတို့ဖမ်းတို့ဖမ်းဆီးခံရပြီး မနေ့က ဖမ်းခံရတဲ့အမျိုးသမီး ၂ဦးဟာ ၆ယောက်မြောက်ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဖမ်းဆီးထားတဲ့အရပ်သားအားလုံးကို လက်ရှိ အင်းတော်မြို့နယ်ရဲအချုပ်ခန်းထဲမှာ ဖမ်းဆီးဖားပြီး မိသားစုဝင်တွေ နဲ့ဆက်သွယ်ခွင့်မပေးသေးဘူးလို့သိရပါတယ်။