လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပင်လည်ဘူးမှာ ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေတူးနေတဲ့ အမျိုးသား ၆ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ပင်လည်ဘူးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

မနေ့က ညနေပိုင်း၄နာရီကျော်လောက်မှာ ပင်လည်ဘူးမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒေသအခေါ် ရွှေညောင်ပင် မှာရှိတဲ့ရွှေမှော်ဘက်ကို စစ်ကြောင်းထိုးရင်းရွှေတူးနေတဲ့ အမျိုးသား ၆ ယောက် ကို သတ်ဖြတ်သွားတာလို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အဖွဲ့က မနေ့က မြို့ထဲကထွက်လာပြီး ဒေသအခေါ် ရွှေညောင်ပင်မှာရှိတဲ့ ရွှေတွင်းက လူ ၆ ယောက်ကို ပစ်သတ်သွားတယ်လို့သိရတယ် ဒေသခံလား အခြားကလာပြီး အလုပ်လုပ်တဲ့သူတွေလားတော့ မသိဘူးဗျလို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ စစ်ကြောင်းပြန်လည်ထွက်ခွာချိန်မှာလည်း ရွှေညောင်ပင်က ရွှေမှော်အတွင်း ဘက်ဟိုးမောင်းတဲ့ အမျိုးသားတစ်ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ပင်လည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသား ၆ ယောက် သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးခံရတဲ့သတင်းကိုတော့ ရွှေညောင်ပင်ဒေသ တစ်ဝိုက်က ဒေသခံတွေက သတင်းပေးပို့ချက် နဲ့ အတည်ပြုနိုင်ခဲ့တာလို့ပင်လည်ဘူး တာဝန်ရှိသူကပြောပေမယ့်  KNG အနေဖြင့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

အဲ့ဒီစစ်ကြောင်းဟာ ပင်လည်ဘူးမြို့ပေါ်ကလာတဲ့စစ်ကြောင်းဖြစ်ပြီး ဘယ်လက်အောက်ခံတပ်ရင်းဆိုတာတော့ အတည်မပြုနိုင်သေးကြောင်း ပင်လည်ဘူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကြောင်းက ခုလိုမြို့ထဲကထွက်လာပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်ဆောင် မြို့ထဲပြန်ဝင် တပ်ရင်းတွေက ခဏ ခဏလဲနေတယ် အရင်ကတော့ ခမရ ၃၇၆ နဲ့ ၃၆၂ လို့တော့ သိရတယ် အခုကစစ်ကြောင်း လဲမလဲ မသိရသေးဘူးဗျလို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ မူလဲရွာနဲ့ဟဲသတ်ရွာ ဖြတ်လမ်းဖြစ်တဲ့ ဇကပ်ပင်လမ်းခွဲမှာ စစ်ကြောင်း ပျောက်သွားတဲ့အတွက် ဒေသခံတွေအနေ နဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး သတိထားနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရွှေတူးနေတဲ့ အမျိုးသား၆ယောက်သတ်ဖြတ်ခံခဲ့ရတဲ့ ရွှေညောင်ပင်ဒေသဟာ ဒေသခံတွေ ရွှေတူး စီးပွား ရှာကြတဲ့နေရာဖြစ်ပြီးတော့ မူးမြစ်ရဲ့အရှေ့ဘက်ခြမ်း ကောလင်းပင်လည်ဘူးကားလမ်းမဘေး ပင်လည်ဘူး မြို့တဲ့ ၆မိုင်အကွာလောက်မှာ တည်ရှိတာလို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီလှုပ်ရှား သူတွေနဲ့ အရပ်သားပြည်သူ ကျဆုံးမှု ၃၉၀၀ ကျော်ရှိပြီလို့နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြီးခဲ့တဲ့ ဩဂုတ်လ၁၀ရက်နေ့က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button