သတင်း

ဖားကန့်မှာ မြေစာပြိုကျပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံး 

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင် ( ဒေသအခေါ်)  သာယာကုန်းကျောက်ကမ်းပါး မြေစာပြိုကျပြီး ပိမိရာမှ ရေမဆေးကျောက်ရှာဖွေသူတစ်ဦး သေဆုံးခဲ့တယ်လို့ လူမူကူညီရေးအသင်းကနေ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ ဒီကနေ့ ညနေ ၄ နာရီလောက်မှာ အသက် ၆၀ အရွယ်ရှိ ဦးထွန်းအောင်ကျော်ဟာ ရေမဆေးကျောက်ရှာနေချိန် ကမ်းပါးမြေစာပုံပြိုကျလို့ မြေစာပိမိရာကနေ ခြေထောက်တစ်ဖက်ရိုက်ချိုးသလိုဖြစ်သွားပြီး ဆေးရုံအရောက်မှာသေဆုံးသွားတာဖြစ်တယ်လို့ လူမူကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခု ရုပ်အလောင်းကို လုံးခင်းသုသာန်ကို သယ်သွားခဲ့ပါပြီဟု လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၆၀ အရွယ်ရှိ ဦးထွန်းအောင်ကျော်ဆိုသူဖြစ်ပြီး မိသားစုနဲ့အတူဖြူစင်ကုန်းမှော်ကွက်ရက်မှာ နေထိုင်ပြီးတော့ ရေမဆေးကျောက်ရှာဖွေတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ သာယာကုန်းကမ်းပါးဟာ အမြင့်ပေ ၂၀၀ ခန့်ရှိပြီး မကြာခဏမြေပြိုကျမှု ဖြစ်ပွားလေ့ရှိတယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေကပြောပါတယ်။

အဲဒီသာယာကုန်းက ကျောက်လည်းထွက်တယ် မြေလည်းခနနပြိုကျတယ်။ ခုလိုမိုးရွာထားတဲ့ချိန်ဆို ပိုဆိုးတယ်လို့ လုံးခင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အလားတူပဲ ယခုနှစ် ဩဂုတ်လ ၅ ရက်နေ့ကလည်း အဆိုပါ မှော်စီစာကျေးရွာရှိ ဒေသအခေါ် သာယာကုန်းကျောက်ကမ်းပြိုကျ၍ အောက်‌ခြေရေကန်ထဲသို့ မြေစာများ ပြိုကျခဲ့ရာမှ ကန်စပ်မှာ ရေချိုးနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မှာ နှစ်စဉ်နှစ်တိုင်း လုပ်ငန်းရှင်တွေနဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့ စည်းမဲ့ကမ်းမဲ့ကျောက်တူးဖော်မှုကြောင့် မြေစာပုံပြိုကျပြီး အသက်သေဆုံးနေရတဲ့ပြည်သူတွေ နှစ်တိုင်းကြုံနေရဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button