တိုက်ပွဲသတင်း

စစ်ကောင်စီတပ်ဟာ ခိုမုန်းရွာသားတွေကို စစ်ရိက္ခာ‌ပို့ခိုင်းနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအထက် မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေဟာ ခိုမုန်းရွာသားတွေကို အသုံချပြီး ပစ္စည်းရိက္ခာများ၊ သောက်ရေများ ပို့ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခိုမုန်းတောင်ကုန်းတစ်ကြော စစ်ကောင်စီစစ်ကြောင်းတွေ နေရာယူနေပြီ။ အခုသူတို့က အဲ့ဒီနေရာမှာ တပ်ချဖို့ စီမံကိန်းချနေတော့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ပြောယူပြီး ရွာသားတွေကို နေ့တိုင်း တစ်ယောက်တစ်လှည့်စီ စားနပ်ရိက္ခာတွေ၊ သောက်ရေတွေ ပို့ဆောင်ခိုင်းတယ်။ သူတို့က ဟိုတလောတိုက်ပွဲစဖြစ်ကတည်းက သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ ရွာသားတွေကို လုပ်ကိုလုပ်ပေးရမယ်ဆိုတဲ့ အမိန့်နဲ့ အသုံးချနေတာပေါ့ လို့ ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သားတွေဟာ ခိုမုန်းကျေးရွာက အမျိုးသားတွေနဲ့ လူငယ်တွေကိုနေ့တိုင်း တစ်ယောက်ကတစ်လှည့်စီ ရွာကနေ စစ်တပ်ရှိတဲ့နေရာအထိ အစားအသောက်ရိက္ခာတွေ ပို့ဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာခိုမုန်းနမ့်အွမ် စတဲ့ကျေးရွာတစ်လျှောက် တိုက်ပွဲစဖြစ်ခဲ့တဲ့ စက်တင်ဘာလ လဆန်းပိုင်းကနေစပြီး ခိုမုန်းတောင်တစ်ကြောမှာ အထိုင်ချဖို့ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားနေပြီး တစ်ဖက်မှာလည်း စစ်တပ်အတွက် လိုအပ်တဲ့ ရိက္ခာတွေကို ရွာသားတွေပို့ဆောင်ခိုင်းနေတာ ခုဆိုရင် ၁၀ ရက်ခန့် ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က မလုပ်မ‌နေရ ပုံစံမျိုးနဲ့အမိန့်‌ ပေးလုပ်ဆောင်ခိုင်းနေတာကြောင့် ရွာသားတွေ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေတယ်လို့လည်း ခိုမုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စိုးရိမ်ရတာက အဲ့ဒီ ပစ္စည်း ရိက္ခာတွေ သွားပို့ဆောင်နေရတာက အမျိုးသားတွေဖြစ်တော့ ရှေ့တစ်ခေါက်ကလို ပေါ်တာဆွဲခေါ်သွားတာတို့ ဖမ်းထားလိုက်တာတို့ ၊ သတင်းမကြား ဘာမကြား ဖြစ်သွားမှာစိုးရတယ်။ အခု စစ်တပ်က ရွာနဲ့ မဝေးဘူး နီးနီးကပ်ကပ်ပဲ မနက်စောစောဆို အဲ့ဒီစစ်တပ်ကနေ ရွာဘက်ကို သူတို့အမြဲသွားလာတယ် ဆိုတော့ ရွာသားတွေအတွက် အရမ်းရိမ်ရတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လလုံး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နမ့်ဖတ်ကာ အနီး ခိုမုန်းကျေးရွာတဝိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လက်ရှိချိန်ထိ စစ်အင်အားဖြည့်ပြီး နေရာယူ ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ခိုမုန်းကျေးရွာအနီး ဘတ်နွယ်တောင်မှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ တစ်လတာလုံးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် ဒီကနေ့ချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ် ပါတယ်။ 

ဒါကြောင့် နမ့်ဖတ်ကာခိုမုန်းနမ့်အွမ် စတဲ့ကျေးရွာဒေသခံပြည်သူတွေဟာ ဘတ်နွယ်တောင်ကုန်းဘက်မှာ မိမိတို့ရဲ့အသက်မွေး ဝမ်းကျောင်းဖြစ်တဲ့ အခင်း၊တောင်ယာ နဲ့ မီးသွေးဖုတ်လုပ်ငန်း‌တွေလုပ်ထားပေမယ့် စစ်ရေးအခြေအနေကြောင့် သွားလာလို့မရပဲ အခက်အခဲကြုံနေကြောင်းလည်း ဆိုပါတယ်။

နမ့်ဖတ်ကာဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိ‌ပေမယ့် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပုံမှန်ရမ်းတမ်းပစ်ခတ်နေတာတွေကြောင့် ဒေသခံပြည်သူများ လက်နက်ကျည်ထိမှန်ပြီး ထိခိုက်သေဆုံးတာ ပုံမှန်ရှိနေဆဲလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button