မူဆယ်မှာ ဗုံးခိုကျင်းပိလို့ သားအမိနှစ်ဦးသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ နိုဝင်ဘာ ၁ရက်နေ့ မနေ့ကညပိုင်းမှာ ဗုံးခိုကျင်းထဲ တိမ်းရှောင်နေတဲ့ သားအမိနှစ်ယောက် ဗုံးခိုကျင်းပြိုကျလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မူဆယ်မြို့အထွက် တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ နမ့်ခွန်ရွာမှာ သားအမိနှစ်ဦးဟာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လို့ ဗုံးခိုကျင်းထဲဝင်အိပ်ရာကနေ မြေပြိုကျပြီး သေဆုံးခဲ့တာလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။
“မူဆယ်ဘက်တိုက်ပွဲဖြစ်လာမလိုလိုကြားတော့ ဗုံးခိုကျင်းထဲဝင်အောင်းကြတာ အဲ့သားအမိနှစ်ယောက်က ဗုံးခိုကျင်းထဲမှာ ညအိပ်တာ အဲ့မှာဗုံးခိုကျင်းက ကျွံ့ကျလာတာပေါ့ အဲ့မှာ ညသန်းခေါင်ယံဆိုတော့လည်း ဘယ်သူမှမသိလိုက်ဘူး“လို့ပြောပါတယ်။
သေဆုံးခဲ့တဲ့သားအမိဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်မဒိန့်ခေါ်ဝါမ် နဲ့ အသက် ၁၂ နှစ်အရွယ် မောင်တန်ဘော် ခေါင်ဇောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မူဆယ်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေတာတော့မရှိပေမဲ့ မူဆယ်မြို့ပတ်ဝန်းကျင်က ကျေးရွာ တွေ မှာ နေထိုင်တဲ့ဒေသခံတွေကတော့ မူဆယ်မြို့တွင်း လာရောက်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။
“မူဆယ်မြို့တွင်းကတော့ ရှောင်ရတာမရှိသေးဘူး မြို့နဲ့နီးတဲ့ရွာတွေကတော့ မြို့ထဲလာနေကြတယ် အခု လောလောဆယ်ကတော့ ဟိုနားဒီနားပေါက်ကွဲတာပဲရှိသေးတယ် တိုက်ပွဲဖြစ်နေတာတော့မရှိသေးဘူး“လို့ဒေသခံတစ်ယောက်က မူဆယ်မြို့တွင်းအခြေနေကို ပြောပြပါတယ်။
ဒါ့အပြင် မူဆယ်မြို့နယ်၊ပန်ဆိုင်း(ကြူကုတ်)မှာ နိုဝင်ဘာ ၁ ရက်နေ့ မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက်သေဆုံးပြီးတော့ ၉ ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ၆ ရက်အတွင်း ကလေးငယ် ၃ ယောက် အပါအဝင် သေဆုံးသူ ၁၄ ဦးရှိပြီး ၄၀ နီးပါးဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြချက်အရ သိရပါတယ်။
By – အမိုး