ကချင်ဒေသ နေရပ်ပြန်စစ်ရှောင်များ ကူညီမှုလိုအပ်နေ
ကချင်ဒေသမှာ နေရပ်ပြန်စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ လူမှုစာနာထောက်ထားရေးအပိုင်းတွေမှာ ဒေသတွင်း ကချင်အမျိုးသားရေးအဖွဲ့အစည်းတွေအနေနဲ့ ရေရှည်မူဝါဒတွေ သေချာထားရှိပြီး ကူကာကွယ်ပေးသင့်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာအကူအညီတွေလျော့နည်းသွားပြီး ကူညီရေးအဖွဲ့အစည်းတွေလည်း အရင်လို မရှိတော့တာကြောင့် နေရပ်ပြန်စစ်ရှောင်တွေဟာ နေထိုင်စရာအိမ်ဆောက်ဖို့၊ စားဝတ်နေရေးဖြေရှင်းဖို့အပါအဝင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့် NGO ၊ CSO နဲ့ Fund တွေကိုသာ အားကိုးနေရတာမျိုးမဟုတ်ဘဲ နေရပ်ပြန်စစ်ရှောင်တွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ပါ တာဝန်ယူဆောင်ရွက်ပေးသင့်တယ်လို့ တောင်းဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
“Fund ကိုပဲ မှီခိုနေတာမဟုတ်ဘဲ ကချင်အမျိုးသားရေးအနေနဲ့ စစ်ရှောင်တွေနဲ့ပတ်သက်တဲ့ မူဝါဒတွေ သေချာရှိသင့်တယ်။ စစ်ရှောင်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ ဒါပေမယ့် သူတို့ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုပြန်လည်နေရာချထားပေးမလဲဆိုတာ သေချာလုပ်ဆောင်ဖို့လိုတယ်” လို့ Environmental and Human Rights Defender တစ်ဦးဖြစ်သူ ကိုပေါလ်က ပြောပါတယ်။
သူက ဆက်ပြီး “ဒေသတိုင်းမှာ ရွှေတူးဖော်တာတွေ များလာပြီး မြစ်ချောင်းတွေ ပျက်စီးနေတယ်။ ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ နေရာတောင် မရှိတော့ဘူး။ ဒါကြောင့် နေရပ်ပြန်ထူထောင်ရေးတွေက ပိုခက်လာတယ်” လို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ဒေသတွေမှာ စစ်ဘေးရှောင်ဦးရေ တိုးလာနေသလို တစ်ဖက်မှာလည်း KIA/KIO ထိန်းချုပ်နယ်မြေတွေထဲက နေရပ်ပြန်နိုင်တဲ့ကျေးရွာတွေမှာ ဒေသခံတွေ ပြန်လည်ထူထောင်ရေးလုပ်နေကြပါတယ်။
အရင်က နိုင်ငံတကာလူမှုကူညီရေးအဖွဲ့တွေ ဝင်ရောက်ကူညီနိုင်ချိန်မှာ နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်ဆောက်လုပ်ပေးတာ၊ စားနပ်ရိက္ခာထောက်ပံ့တာနဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်တွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာအကူအညီတွေ လျော့နည်းသွားပြီးနောက်ပိုင်း စစ်ရှောင်တွေအတွက် ကူညီပေးနိုင်တဲ့အဖွဲ့အစည်းတွေလည်း နည်းလာပြီး လက်ရှိမှာတော့ နီးစပ်ရာအသင်းတော်တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေကသာ တတ်နိုင်သလောက် ကူညီနေကြရတာဖြစ်ပါတယ်။
“အရင်က နေရပ်ပြန်လာရင် နေအိမ်ကူညီမှုတချို့ ရသေးတယ်။ အခုတော့ အိမ်လုံးဝမရှိတော့တဲ့သူတွေ များတယ်။ မိုးကာတဲလေးတောင် ကိုယ့်ဘာသာ မဆောက်နိုင်တဲ့ မိသားစုတွေ အများကြီးရှိနေတယ်” လို့ ဝိုင်းမော်မြို့နယ် တာမတောင်းကျေးရွာက နေရပ်ပြန်စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
၁၀ နှစ်ကျော် စစ်ရှောင်စခန်းတွေမှာ နေထိုင်ခဲ့ရတဲ့ စစ်ရှောင်အများစုဟာ နေရပ်ပြန်ချိန်မှာ နေအိမ်မရှိတော့တဲ့အပြင် ပညာရေး၊ ကျန်းမာရေးစတဲ့ အခြေခံကဏ္ဍတွေကိုပါ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြန်လည်တည်ဆောက်နေကြရပါတယ်။
လက်ရှိ မြစ်ကြီးနား–ဗန်းမော်လမ်းမတစ်လျှောက် ကျေးရွာတချို့၊ မံစီမြို့နယ်နဲ့ အင်ဂျန်းယန်ဒေသတွေမှာ နေရပ်ပြန်ထူထောင်နေတဲ့ကျေးရွာအများစုဟာ KIO ထိန်းချုပ်နယ်မြေတွေအတွင်းမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း နေရပ်ပြန်ခဲ့တဲ့ မံစီမြို့နယ် မံဆာကျေးရွာဒေသခံတွေဟာ နေအိမ်ပြန်ဆောက်ဖို့ အခက်အခဲများစွာ ကြုံနေရသလို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာလည်း အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
“မိုးကာတဲလေး ဆောက်ဖို့တောင် စရိတ်မတတ်နိုင်တဲ့ မိသားစုတွေရှိတယ်။ အစားအသောက်ကအစ ခက်ခဲနေကြတယ်။ တအားခက်ခဲတဲ့သူတွေအတွက် အနည်းဆုံး မိုးကာတဲလေးလောက် ကူညီပေးနိုင်ရင်တောင် အများကြီး အထောက်အကူဖြစ်မယ်” လို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။
KIO စစ်ဘေးရှောင်ကူညီရေးကော်မတီ တာဝန်ရှိသူတစ်ဦးကလည်း စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေ အရမ်းများလာပြီး လက်ရှိမှာ တတ်နိုင်သလောက်သာ ကူညီဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
လက်ရှိမှာ KIO ဘက်က မြစ်ကြီးနား–ဗန်းမော်လမ်းမတစ်လျှောက် နေရပ်ပြန်ကျေးရွာတချို့ကို ဆန်ထောက်ပံ့ပေးတာ၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် နေရာစီစဉ်ပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကြောင့် နေရပ်ပြန်စစ်ရှောင်ကျေးရွာတချို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာချိန်ကစပြီး စစ်ဘေးရှောင်ဦးရေ အဆမတန် တိုးလာတာကြောင့် လူမှုစာနာထောက်ထားရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပိုမိုခက်ခဲလာနေတာလည်းဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




