တောထဲတဲထိုးနေရတဲ့ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်း တိုက်ပွဲကြောင့်တောထဲထွက်ပြေးတိမ်းရှောင်နေကြတဲ့  စစ်ဘေးရှောင်ပြည်သူတွေ နေရာထိုင်ခင်းနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဇွန်လ ဒုတိယအပတ်ကနေ စစ်တပ်နဲ့ KIAပူးပေါင်းတပ်တို့အကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ရွှေကူမြို့အနီးဝန်းကျင်နဲ့၊ မြို့အရှေ့ဘက်ခြမ်းကျေးရွာနေပြည်သူတွေဟာ တောထဲစစ်ရှောင်နေကြတာဖြစ်တယ်လို့ စစ်ရှောင်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။

မိုးတွင်းဆိုတော့သိတဲ့အတိုင်းပါ့အဆင်မပြေကြဘူး မိုးဆက်တိုက်ရွာတော့ ရေတွေပြည့်လျှံနေတော လယ်တဲမှာလည်းအိပ်လို့မရဘူး။ ရွာထဲလည်းပြန်ဝင်လို့မရနဲ့တောတောင်တွေထဲ အမိုးအကာမလုံမလောက်နဲ့နေနေကြရတယ် မိုးကာတွေဖျာတွေမရှိကြဘူးမလောက်ငှဘူး”လို့ လက်ရှိစစ်ဘေးရှောင်နေရတဲ့ရွှေကူဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ရွှေကူမြို့နယ်မှာ လက်ရှိ မိုးတွေအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် တောတောင်ထဲ စစ်ဘေးရှောင်နေရသူတွေဟာ ယာယီတဲထိုးဖို့အတွက် မိုးကာအရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ကာလ တစ်ပတ်ကျော်လာပြီဖြစ်တဲ့အတွက် ဖျားနာသူတွေစတင်ရှိလာနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ရွှေကူမြို့နယ် .က. တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။

ဖျားတဲ့သူ ပိုများလာနေပြီ ဆေးဝါးကလည်း မလုံလောက်တော့ပါဘူး။ တိုက်နယ်ဆေးရုံနဲ့နီးတဲ့ရွာတွေကတော့ နည်းနည်းအဆင်ပြေပေမယ့် ဝေးတဲ့ရွာတွေမှာတော့ ဆေးမရှိကြပါဘူး။ တော်တော်များများမှာ ဆေးဝါးရှားပါးလာနေပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိ တောထဲ စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေဟာ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ တုံးကောက်၊ စီသာ၊ ဝင်ဝနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေပါဝင်ပြီး ရာသီတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေလည်း အဖြစ်များလာနေတယ်လို့  စစ်ရှောင်တွေပြောပါတယ်။

PSA

အထက်ပါဖော်ပြပါကျေးရွာတွေအပြင် ရွှေကူမြို့နယ်အတွင်း ကျေးရွာအများစုက ပြည်သူတွေဟာအခြေခံစားသောက်ကုန်၊ လူသုံးကုန်နဲ့ ဆေးဝါးတွေကို မြို့ပေါ်ကို အဓိကအားထားနေကြရတာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့် လက်ရှိ စစ်ကောင်စီတပ်က မြို့အဝင်လမ်းကြောင်းတွေမှာ စစ်ကြောင်းထိုးထားတာကြောင့် သွားလာရေးနဲ့ ဆေးပစ္စည်းဝယ်ယူရေး အခက်အခဲများ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

အရေးပေါ်ပစ္စည်းဝယ်ချင်လည်း မြို့ပေါ်ကို သွားလို့မရပါဘူး။ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး စစ်ကြောင်းထိုးနေတဲ့အတွက် သွားလာရေး အဆင်မပြေပါဘူး”လို့ .က. တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ကစပြီး အထက်လေးလမ်းဆုံ၊ ငါးလမ်းဆုံ၊ ရွှေကူကိုင်းရွာလမ်းပိုင်း၊ ရွှေကူရွှေဘုန်းမြင့်လမ်းပိုင်းနဲ့ ရွှေကူတော်လန်ရွာ ကားလမ်းပိုင်းတွေမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းထိုးမှုတွေကြောင့် လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ကိုင်းရွာ၊ တော်လန်၊ ငှက်တံတား၊ တုံးကောက်၊ မန်နား၊ စီသာ၊ စီသောင်၊ စင်းဖုတ်၊ ခေါလဲ၊ တာလီ စတဲ့ကျေးရွာတွေမှာလည်း ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အထက်လေးလမ်းဆုံအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရွှေကူမြို့နယ်အတွင်း ကျေးရွာဘက်တွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေထဲမှာ ရွှေကူမြို့အခြေစိုက် .. (၅၆တပ်ရင်းက တပ်ဖွဲ့ဝင်တွေအပြင် ပြီးခဲ့တဲ့ မေလအစပိုင်းက ရွှေကူငအိုးလမ်းကနေတစ်ဆင့် ထီးချိုင့်နဲ့ တကောင်းဘက်က ဝင်ရောက်လာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ရှိတဲ ရွှေကူမြို့နယ်ဟာ  ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်ရေးအတွက် အရေးပါတဲ့ အချက်အချာနေရာတစ်ခုဖြစ်ပါတယ်။ 

အထူးသဖြင့် ရွှေကူကနေ ဗန်းမော်၊ ကသာ၊ ထီးချိုင့်ဘက်အထိ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေရှိသလို စစ်ရေးအရလည်း တပ်စခန်းလှုပ်ရှားမှု၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ထိန်းချုပ်ရေးအတွက် အရေးကြီးတဲ့ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာတော့ ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေဆက်ရှိနေသလို မြို့အဝင်အထွက် လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားနေပြီး တိုက်ပွဲဖြစ်နေတာပါ။

ဒါကြောင့် တိုက်ပွဲနဲ့နီးတဲ့ကျေးရွာနေ ဒေသခံပြည်သူတွေဟာ လုံခြုံရေးအန္တရာယ်နဲ့ စစ်ဘေးရှောင်နေရတဲ့အခြေအနေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button