စစ်ရေးတင်းမာမှုကြောင့် ပူတာအိုဘက် နေရပ်စွန့်ခွာလာသူ ပိုများလာ
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပူတာအိုမြို့ဘက်ကို နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းက ရှိန်းခေါင်ကျေးရွာအနောက်ဘက် အမတ်ပေါ်ဒေသ၊ မြန်မာ–တရုတ်နယ်စပ် မှတ်တိုင်အမှတ် ၃၀ အနီးနဲ့ အဲဒီဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အနီးဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ပူတာအိုမြို့ဘက်ကို နေ့စဉ်နေရပ်စွန့်ခွာလာနေကြတယ်လို့ ပူတာအိုမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက KNG ကို ပြောပါတယ်။
“လာကြတယ်။ မနေ့ကလည်း ရောက်လာတဲ့သူတွေရှိတယ်။ တစ်နေ့တစ်နေ့ ဧည့်စာရင်းလာတိုင်ရင် အဲဒီဘက်က စစ်ရှောင်လာတဲ့သူတွေက အများဆုံးပဲ။ တစ်နေ့ကို ၁၀ ယောက်လောက်တော့ လာတယ်။ တိုက်ပွဲဖြစ်နေတာ မရပ်သေးတော့ နေလို့မရဘူးဆိုပြီး ဒီဘက်ကို ရွှေ့လာကြတာ။ ဒီနေ့အထိဆိုရင် ကျွန်တော်တို့ရပ်ကွက်တစ်ခုတည်းမှာ ၈၀ ကျော်၊ ၁၀၀ နီးပါး ရှိပြီ” လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာသူတွေထဲမှာ အမတ်ပေါ်ကျေးရွာနဲ့ မြန်မာ–တရုတ်နယ်စပ် မှတ်တိုင်အမှတ် ၃၀ အနီးက ရွာငယ်တွေ၊ လန်ဆယ်နဲ့ ခေါင်လန်ဖူးကြားက ကျေးရွာတွေ ပါဝင်သလို ရှိန်းခေါင်ကျေးရွာက တချို့ဒေသခံတွေလည်း ကြိုတင်တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။
“အဓိကတော့ အမတ်ပေါ်လို့ပဲ ခေါ်ကြတယ်။ အဲဒီဘက်က တချို့ဆို ရွာနာမည်မပေါက်ဘူး။ ဟိုနားတစ်စု၊ ဒီနားတစ်စု စုနေကြတဲ့ ရွာလေးတွေများတယ်။ အဲဒီလိုရွာတွေက ရှောင်လာကြတယ်။ နောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ ခေါင်လန်ဖူးနဲ့ လန်ဆယ်ကြားက ရွာတွေလည်း ပါတယ်” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးနောက် ဇူလိုင် ၁၀ ရက်ကတည်းက အဲဒီဒေသတွေက ပြည်သူတွေ ပူတာအိုမြို့ဘက်ကို စစ်ဘေးရှောင်လာကြတာဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင်လူဦးရေ ၅၀၀ နီးပါး ရှိလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီထဲက လူဦးရေ ၂၀၀ ကျော်ကို ရဝမ်ရိုးရာကွင်းမှာ နေရာချထားပေးထားပြီး ကျန်သူတွေက ဆွေမျိုး၊ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ယာယီနေထိုင်နေကြတယ်လို့ သိရပါတယ်။

“စစ်ရှောင် ၂၀၀ ကျော်ကိုတော့ ရဝမ်ရိုးရာကွင်းမှာ နေရာချပေးထားတယ်။ နောက်ထပ် ထပ်တိုးလာတာလည်းရှိတော့ အဲဒီထက်မကတော့ဘူး။ တချို့က ဆွေမျိုးတွေနဲ့ အသိတွေဆီမှာ နေကြတယ်။ အဲဒီလူတွေကိုတော့ အသင်းတော်တွေကနေ စာရင်းယူထားတယ်။ ကူညီပေးဖို့ သိရသလောက် ၅၀၀ လောက်တော့ ရှိနေလောက်ပြီ” လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေကို ရိုးရာယဉ်ကျေးမှုအဖွဲ့တွေ၊ ခရစ်ယာန်အသင်းတော်တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဦးဆောင်ပြီး စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက်တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လတ်တလော လန်ဆယ်ဘက်မှာ တိုက်ပွဲဖြစ်တာ မရှိသေးပေမယ့် နှစ်ဖက်စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေသလို စစ်ကောင်စီနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ပူးပေါင်းတပ်ဘက်က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပုံမှန်ရှိနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လောလောဆယ် တိုက်ပွဲကတော့ မဖြစ်ဘူး။ သူတို့ဘက်က စစ်ကြောင်းထိုးတာရှိတယ်။ နောက်ပြီး မှတ်တိုင် ၃၀ နားက ရွာတွေနဲ့ လန်ဆယ်နဲ့ မှတ်တိုင် ၃၀ ကြားက ရွာတွေကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာတွေတော့ ရှိနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ခေါင်လန်ဖူးမြို့ကို ခြေကုပ်ယူပြီး လန်ဆယ်နဲ့ မှတ်တိုင်အမှတ် ၃၀ ဘက်ကို စစ်အင်အားဖြည့်တင်းနေသလို ဒေသခံတွေကို အတင်းအကျပ်ခေါ်ယူပြီး ရှေ့တန်းစစ်မြေပြင်အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ပို့ခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေဟာ တစ်နေ့ထက်တစ်နေ့စစ်ဘေးတိမ်းရှောင်တာတွေ ပိုများလာနေတာလည်းဖြစ်ပါတယ်။
ခေါင်လန်ဖူးမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း KIA နဲ့ ပူးပေါင်းတပ်တွေက လာဟီဆင်စခန်းကုန်းနဲ့ လန်ဆယ်မြို့ကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်လာတာကြောင့် အမတ်ပေါ်ဒေသနဲ့ အနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ဖြစ်လာတာလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
By – Zaw Zaw




