သတင်း

ရှိန်းခေါင်ရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် အရေးအပေါ်အကူအညီလိုအပ်

ပူတာအိုဒေသ ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာတစ်ရွာလုံး မီးလောင်ပြာကျသွားတဲ့အတွက် နစ်နာဆုံးမှုအလွန်များပြားပြီး ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ခေါင်လန်ဖူးဒေသရဲ့ လူဦးရေထူထပ်ပြီး ရေခဲတောင်အောက်မှာတည်ထားတဲ့ ရှိန်းခေါင်ရွာဟာ နိုဝင်ဘာလ ၇ ရက် ဒီကနေ့ မနက်ပိုင်း ၂ နာရီလောက်မှာ ကျေးရွာတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ တယ်လို့ ရှိန်းခေါင်ဒေသနဲ့ အဆက်အသွယ်ရှိတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

တောင်ထိပ်ပိုင်းမှာ မြေပြန့်ရှိတဲ့ တောင်စောင်းလို့ပြောရမယ်ပေါ့ အဲတစ်လျှောက်မှာရှိတဲ့ ကုန်တွေအကုန်ပါသွားတယ်။ တောင်အောက်နား တဝိုက်နည်းနည်းပဲကျန်ခဲ့တယ်။ အဓိက လူနေထူထပ်ပြီး ရွာရဲ့ ပိုစည်ကားတဲ့အပိုင်းက အကုန်မီးလောင်ပျက်စီးသွားတယ်။ ဒေသခံတွေက မီးလောင်မှုဖြစ်ကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ညီလေးတွေက ပြောလာပါတယ်လို့ပြောပါတယ်။

ရှိန်းခေါင်ရွာ မီးလောင်ပျက်စီးမှုထဲမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အထဲကနေ ၂၀၀ ကျော်လောက်က မီးလောင်ပျက်စီးသွားတာဖြစ်ပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် တစ်နှစ်ပတ်လုံးအတွက် တရုတ်ပြည်ဘက်ကနေ ဝယ်ယူစုဆောင်းထားတဲ့ အစားအသောက် သိုလှောင်ရုံတွေလည်း ဆုံးရှုံးနစ်နာမှုရှိခဲ့တယ်လို့ သူကဆက်ပြောပြပါတယ်။

ရှိန်ခေါင်ဆိုတာ အရင်ကတည်းက အရမ်းစည်ကားခဲ့တဲ့နေရာဖြစ်တယ်။ ကိုဗစ်ဖြစ်ပြီးနောက် တရုတ်ပြည်ဘက်ကိုသွားတဲ့ ကုန်သွယ်ရေးလမ်းတွေအကုန်ပိတ်ထားလိုက်တာဟုတ်တယ်။ အဲဒီဂိတ်တွေ ဖွင့်ပေးတာ မကြာသေးဘူး။ ဂိတ်ဖွင့်ပေးတာ ၂ လောက်ပဲရှိသေးတယ်။ အဲဒါကြောင့် ဒေသခံတွေက တရုတ်ပြည်သူဘက်ကနေ အစားအသောက်တွေ ဝယ်ယူပြီးသိုလှောင်ထား တာဟုတ်တယ် အဲဒါတွေလည်း အကုန်ပါသွားတယ်လို့ပြောပါတယ်။

ရှိန်းခေါင်ရွာမီးလောင်မှုဖြစ်စဉ်ဟာ နေအိမ်တစ်ခုက မီးလောင်မှုဖြစ်ပွားရာကနေ ဆင့်ကူးလောင်  ကျွမ်းသွားတာဖြစ်တယ်လို့ သိရပြီး မနက်ပိုင်း ၂ နာရီလောက်မှာ ဖြစ်သွားတာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ တိတိကျကျပြောဆိုဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

ကျေးရွာတစ်ခုလုံး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်ဒေသခံပြည်သူတွေက မီးဘေးအန္တရာယ်ကနေ အနီးဝိုက်ရှိတဲ့ တောင်စောင်းနေရာတွေမှာ အဝတ်တစ်ထည်နဲ့ ကိုယ်လွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်ဒေသဟာ ရေခဲတောင်အလွန်ထူထပ်တဲ့ ကျေးရွာ တစ်ခုဖြစ်တဲ့အပြင် ဒေသခံပြည်သူတွေဟာ နေအိမ်မဲ့ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့်လူမှု ရေးကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေတယ်လို့လည်း ပူတာအိုဒေသခံ ဆက်လက်ပြောဆိုထားပါတယ်။

ရှိန်းခေါင်ရွာဆိုတာက ရေခဲအရမ်းထူထပ်တဲ့နေရာဖြစ်တယ်။ အခုဆို နှင်းတွေ စကျနေပြီ တော်တော်လည်း ချမ်းနေပြီ။ အခုဆို ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေက အကုန်လုံးလောင်သွားပြီ ဖြစ်တဲ့အတွက် ဒီရာသီဥတုရဲ့ ဒဏ်ကိုတော့ တော်တော်လေး ခံရနေပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် စားစရာတွေက တရုတ်ပြည်ကနေပဲ အားကိုးနေရာတာဖြစ်တဲ့အတွက် အရင်တုန်းကလို လိုသလောက်မရနိုင်တော့တဲ့ အနေအထားမှာရှိတယ်။ ဒီအိမ်ခြေ ၃၀၀ ကျော်လောက်အတွက်က လုံလုံလောက်လောက်ရှိဖို့ ခက်ခဲလိမ့်မယ်လို့ပြောပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ မီးဘေအန္တရာယ်ကို ကြုံတွေ့နေရတဲ့ ရှိန်းခေါင်ဒေသခံပြည်သူတွေအတွက် အစားအသောက်နဲ့ အဝတ်အစား၊ တရုတ်ပြည်ဘက်ကနေ တတ်နိုင်သလောက် အမြန်ရောက်ရှိရေးနဲ့ ယာယီခိုကိုးရာ နေရာတွေ ပြန်လည်တည်ဆောက်ပေးဖို့ အရေးပေါ် ကူညီပေးဖို့ လိုအပ်နေတယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။

ရှိန်းခေါင်ရွာ မီးလောင်ပျက်စီးမှုထဲမှာဒေသခံပြည်သူတွေ ထိခိုက်မှုရှိမရှိ လက်ရှိအချိန်ထိ အသေးစိတ်မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ရှိန်းခေါင်ဒေသဟာ ခေါင်လန်ဖူးနဲ့ တရုတ်နယ်စပ် ၂ ခုကြားမှာ တည်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်ဘက် ကနေ ပို့ဆောင်ပေးဖို့ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲနေတဲ့အခြေအ နေဖြစ်နေတာကြောင့် တရုတ်ပြည်ဘက်ခြမ်းကနေ ကူညီပေးရင် လွယ်လွယ်ကူကူ အမြန်ရောက်ရှိ မှာဖြစ်တယ်လို့ သိရပါတယ်။

ရှိန်းခေါင်ကျေးရွာမီးလောင်ပျက်စီးမှုထဲမှာ ပါသွားတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်ဟာ နှစ်ပေါင်း ၂၀ ကျော်အထက်ရှိ တဲ့ ပျဉ်အိမ်တွေသာများပြီး အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ် ပေ ၁၀ နဲ့ ၂၀ ဝန်းကျင်လောက်အကွာ သာရှိတဲ့အတွက်တပြိုင်ထဲ မီးလောင်ပြာကျသွားတာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို နှစ်ပေါင်း ၂၀ ကျော်တက်တမ်းရှိတဲ့ ပြည်သူတွေပိုင်နေအိမ်တွေ၊ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် သိုလောင်ထားတဲ့ တန်ဖိုးရှိ ဒေသတွင်းထွက်ပစ္စည်းများ မီးလောင်ပျက်စီး သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပူတာအိုဒေသခံတစ်ယောက်လည်း ပြောဆိုထားပါတယ်။

ခေါင်လန်ဖူးမြို့နယ်ထဲမှာ ရှိန်းခေါင်ရွာရဲ့ထူးခြားချက်ကတော့ ရေခဲတောင်ပေါ်မှာရှိနေတဲ့ရွာတစ်ရွာဖြစ် တဲ့အပြင် ခရီးသွားပြည်သူများမကြာခဏ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပြီး ပူတာအိုဒေသနဲ့ ဆက်စပ်ပြီးတော့ တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ အကြီးဆုံးနယ်စပ်ဂိတ်တစ် လည်းရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် တဲ့ ရွာတစ်ခုဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒီဒေသမှာရှိကြတဲ့ ဒေသခံပြည်သူတွေဟာ ရှောက်ကော၊ ပါကော စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရှီးပဒီ စတဲ့ တောတွင်း သဘာဝတွင်းထွက် ပစ္စည်းများကို သာရှာဖွေရင်း တရုတ်နိုင်ငံဘက်ကို ရောင်းဝယ်ရေး လုပ်ရင်း အသက်မွေးဝမ်းကြောင်းပြုနေကြတာလည်းဖြစ်ပါတယ်။

ရှိန်းခေါင်ရွာဟာ ခေါင်လန်ဖူးမြို့ကနေ ခြေလျင်နဲ့ ၃ ရက်အကျော်သွားရတဲ့ လမ်းခရီးတစ်ခုဖြစ်ပြီး ခေါင်းဖူးမြို့ထက်လူဦးရေထူထပ်ပြီး လူစည်ကားတဲ့ ရွာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button