သတင်း

တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို ကူညီကြဖို့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့ကတောင်းဆို

ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေအတွက် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့က ပြောပါတယ်။

တိုက်ပွဲကြောင့် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့လိုအပ်နေတဲ့ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ရှမ်မြောက်ကချင်စာပေနဲ့ ယှဉ်ကျေးမှုလူငယ်အဖွဲ့က လိုက်လံကူညီပေးနေတဲ့အပြင် အားလုံးရဲ့ဝိုင်းဝန်းအားဖြည့်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။

အခု ကျနော်တို့က အိမ်တွေပျက်စီးသွားလို့ နေစရာမရှိတော့တဲ့ စစ်ရှောင်တွေကို အဓိက ကူညီဖို့ ရည်ရွယ်ချက်နဲ့ အခုလို အွန်လိုင်းပေါ် စာတင်ထားတာဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေလည်းလူကြီးတွေတာဝန်ပေးမှုနဲ့ ဒေတာအချက်အလက်တွေ လိုက်ကောက်ပြီး လုပ်တယ်။ အခုလောလောဆယ်က ဒေတာလိုက်ကောက်တယ်။ အလှူတွေလိုက်ကောက်တယ်။အကူအညီလိုက်တောင်းတယ်။ ဒီလိုတွေပြီးပြီဆိုရင်တော့ ၂၄ ရက်ကစပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကျနော်တို့ ကိုယ်တိုင်သွားပြီး အကူအညီ လိုက်ပေးပါတယ်” လို့ SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်များ

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနဟာ ပြန်လည်ထူထောင်ရေးမှာကူညီကြဖို့ကိုလည်း လူမူကွန်ယက်စာမျက်နှာကတစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တောင်းဆိုထားတာဖြစ်ပြီး ကူအညီပေးချင်တဲ့သူတွေအတွက် ငွေလွှဲနိုင်တဲ့ Kpay အကောင့်ကိုလည်း ထည့်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲကြောင့် နေအိမ်မရှိတော့တဲ့သူတွေရဲ့စာရင်းတွေကောက်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေဆီသွားရောက်ပြီး ကူညီပေးနိုင်အောင်ကြိုးစားသွားမယ်လို့ ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲတွေကြောင့် ကျေးရွာတော်တော်များများမှာရှိတဲ့ နေအိမ်တွေပျက်စီးသွားတဲ့အထဲ နမ့်ဖတ်ကာကျေးရွာနဲ့ မုံးကိုးမြို့ကအပျက်အစီးအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နမ့်ဖတ်ကာမှာဆို စစ်ရှောင်တွေအများစုက ပြန်လာနေကြပြီ။ ဒါပေမဲ့ တချို့နေအိမ်တွေ အဓိက စစ်တပ်နဲ့နီးတဲ့ရပ်ကွက်က နေအိမ်တွေက ရစရာ တစ်ခုမှမရှိတော့တာ။ အိမ်ခြေ ၇၀ကျော်လောက်ရှိတယ်။ အိမ်တွေ လုံး၀ပြင်လို့လည်း မရတော့ဘူး။ သူတို့က အခု နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ဆက်ခိုလှုံနေကြတယ်။ သူတို့လည်း ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတာတွေရှိတယ်ဆိုတာလည်း ပြောပြချင်တယ်။ မုံးကိုးမြို့မှာက အိမ်ပျက်စီးသွားသူတွေက ဘုရားကျောင်းဝင်းမှာ ခိုလှုံနေကြတယ်ဟု သူကဆက်ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက ကချင်လူမျိုးတွေရဲ့စာရင်းကို အဓိကကောက်ယူသွားမှာဖြစ်ပြီး နေအိမ်မရှိတော့တဲ့သူတွေအတွက် ဆောက်လုပ်ရေးကို အဓိကကူညီပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

အခုလောလောဆယ် သူတို့အတွက် အရေးကြီးဆုံးက အစားအသောက်ဆိုလည်း ဘုရားကျောင်းအသင်းတော်တွေဘက်က ကူညီနေတယ်။ အသိဆွေမျိုး အသိုင်းအဝိုင်းတွေ၊ KIO အမျိုးသမီးအဖွဲ့တွေကူညီတာတွေရှိတယ်။ ဒါပေမဲ့ အခုအိမ်လုံး၀နေစရာမရှိတော့တဲ့သူတွေအတွက် အိမ်တွေ ပြန်ဆောက်ဖို့ အရေးပေါ် လိုအပ်နေတာဖြစ်တယ်လို့  SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် လက်ရှိချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ပြန်လည်တည်ထောင်ရေးမှာ ဘယ်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့တာမရှိသေးဘူးလို့ ပြောပါတယ်။ 

ဒါ့ကြောင့်ခက်ခဲနေတဲ့ ကချင်လူမျိုးတွေကိုအဓိကထားပြီး ကူညီနိုင်အောင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက အားလုံးပါဝင်ကူညီနိုင်အောင် တောင်းဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့ မြို့နယ်တွေဟာ မုံးကိုးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဖတ်ကာ  မုံးနဲမြို့နယ်၊ ကွတ်ခိုက်မြို့နယ်၊ သိန္နီမြို့နယ်၊ ဟိုပန်မြို့နယ်၊ ဂန်မင်းမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ ကျောက်မြဲမြို့နယ်၊ နောင်ချိုမြို့နယ်  မိုးမိတ်မြို့နယ်နဲ့ မုံးစီးမြို့နယ်တွေ ဖြစ်ကြောင်း သိရပါတယ်။ 

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button