ဖမ်းဆီးခံရမှုသတင်းဆောင်းပါး

ကချင်မှာ ၄ လအတွင်း အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင် ဖမ်းဆီးခံရ

အာဏာသိမ်းပြီး ၃ နှစ်အကြာ ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး မြို့တော်မြစ်ကြီးမြို့ အပါအဝင် မြို့နယ်တစ်ချို့မှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

KNG ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလထိ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားပြည်သူ မြစ်ကြီးနားမှာ အယောက် ၂၀ ဦး၊ ကားမိုင်းမြို့နယ် ၁ ဦး၊ ဗန်းမော် ၁၃၀ ဦး ဝန်းကျင်၊ မအူပင် ၈ ဦး၊ ရွှေကူ ၁၀ ဦး ၊ မိုးကောင်း ၂၃ ဦး ၊ ပူတာအို ၅ ဦး၊ မော်ဖောင်း ၅ ဦး စုစုပေါင်း ၂၀၀ ဝန်းကျင်ရှိခဲ့ပြီးတော့  အဲ့ဒီထဲမှာ လူဦးရေ အတိအကျ ခန့်မှန်းလို့ မရတဲ့ ဖမ်းဆီးခံရမှုတွေလည်း ရှိပါသေးတယ်။

ဖမ်းဆီးခံရမှုတွေထဲမှာ ပြန်လွတ်လာတဲ့သူတွေရှိသလို့ လက်ရှိချိန်ထိ ပြန်မလွတ်လာသေးဘဲ သတင်းမကြား၊ ပျောက်ဆုံးနေတဲ့သူတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နိုင်ငံရေးအကြောင်းပြချက်နဲ့ ခေါင်းစဉ်တပ်ခံရပြီး အကြောင်းအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးခြင်းခံနေရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မြစ်ကြီးနားမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဓိကတော့ စကစတွေပေါ့ ပြီးရင်သူနဲ့အတူအလုပ်လုပ်တဲ့ ပြည်သူ့စစ်တွေအရမ်းများတယ်လေ။ သူတို့က တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ဒီမိုကစီအရေးလှုပ်ရှားနတေဲ့သူတွေကို ဖမ်းတယ်။ အကြောင်းအမျိုးမျိုးနဲ့ သူတို့ဖမ်းချင်တဲ့သူတွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းနေကြတာ၊ နေရာဒေသနဲ့လိုက်ပြီး ဖမ်းဆီးခံရတာတွေလည်း တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ခန့်မှန်းရခက်ပေမယ့် ဖမ်းဆီးမှုကို ကျူးလွန်နေသူတွေဟာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါဝင်တယ်လို့ သိရပါတယ်။

ကချင်သတင်းဌာန KNG က ပြုစုထားတဲ့စာရင်းအရ အစုလိုက်အပြုံလိုက် ဖမ်းဆီးရခံမှု၊ တစ်ဦးချင်း ဖမ်းဆီးခံရမှုတွေ ရှိနေပြီး ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်းမြို့တွေမှာ ဖမ်းဆီးခံရမှုအများဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဗန်းမော်မြို့ ကမ်းနားဈေးမှာ စျေးသည်အပါအဝင် အရပ်သား ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ချို့ ခံဝန်ကတိနဲ့ လွတ်မြောက်လာတာရှိပေမယ့် အများပိုင်းက သတင်းအစအနပင် မကြားတော့ဘဲ ပျောက်ဆုံးနေသူတွေလည်းရှိ နေပါတယ်။

ဗန်းမော်မြို့တွင်း ဖမ်းဆီးမှု မကြာခဏ ဖြစ်နေပြီး ဖမ်းဆီးခံရသူများလွန်းတာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို တိတိကျကျ မသိရတဲ့အတွက် အမှုလိုက်ယူဖို့လည်း ခက်ခဲတယ်လို့ ဗန်းမော်မြို့ခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“ ဗန်းမော်မြို့ရဲ့ အနေအထားက ရဲ၊ စစ်သားတွေက အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေနဲ့ သွားနေကြတာ ဆိုတော့ လမ်းမှာသူတို့ အဆင်မပြေလို့ အကြောင်းကြောင်းကြောင့် ဖမ်းချင်တယ်ဆိုရင် ဖမ်းသွားကြတာ။ အဲ့တာကြောင့် ဘယ်အချိန်က ဘယ်သူက ဘယ်မှာဖမ်းခံရလဲ ဘယ်သူမှ မသိနိုင်ဘူး၊ ပျောက်သွားပြီဆိုရင်လည်း သေလား ရှင်လားလည်း မသိနိုင်ဘူး၊ အဲ့လိုနဲ့ ပျောက်နေတဲ့ သူတွေလည်း အများကြီးတွေ့ရတယ်” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ မြစ်ကြီးနား အေးစေတီရပ်ကွက်လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီး ရှောင်တစ်ခင်ဝင်ရောက်ပြီး ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။

တစ်ဆက်တည်း မတ်လ ဒုတိယအပတ်မှာ ဒူကထောင်ရပ်ကွက်နဲ့ တပ်ကုန်းရပ်ကွက် စျေးဆိုင်တစ်ချို့မှာလည်း လူငယ်အများအပြား ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပြီး ဒီဖမ်းဆီးမှုကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေ ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မိုးကောင်းမြို့နယ် နန်းခွင်ကျေးရွာ ပြည်ထောင်စုတံတားနားမှာ ပင်းဘောအခြေစိုက် ခမရ ၅၂၁ တပ်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ယူနီဖောင်းနဲ့ ခရီးသည်ယာဉ်တစ်စီးချင်းတစ်စီးကိုစစ်ဆေးပြီး ကားပေါ်မှာပါလာတဲ့ အမျိုးသား ၉ ဦး၊နောက်ထပ် နန်းခွင်ဒေသခံ ၇ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက နန်းခွင်ဒေသခံတွေ လွတ်မြေက်လာပေမယ့် ခရီးသည်ကားမှာ ဖမ်းခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ ခက်ခဲခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဖမ်းဆီးတာအပြင် ခရစ်ယာန် ဘာသာရေးဆရာတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးတာမျိုးတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

မတ်လ ၉ ရက်ည ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းက ခရစ်ယာန်အမှုတော်တော်ဆောင် ဆရာအပါအဝင် လူငယ် ၁၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး တစ်ပတ်အကြာမှသာ ပြန်လွတ်ပေးခဲ့ပါတယ်။

ထို့နောက် မိုးကောင်းမြို့ ကချင်ခရစ်ယာန်ဘာသာရေး ဆရာ ၃ ဦးနဲ့ အရပ်သားတွေကို စစ်တပ်က မတ်လ ၃၁ ရက်နေ့  ဆားမှော်တိုက်နယ်မှာရှိတဲ့ ခလရ (၁၀၅) တပ်ရင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ရာကနေ  ဧပြီလ ၂ ရက်နေ့  ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အလားတူ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာလည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်က အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးခဲ့တဲ့အထဲမှာ မြစ်ကြီးနားက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရာ ဆရာတော် ခလမ်ဆမ်ဆွန် လည်း ပါဝင်လာခဲ့ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ ညအချိန်မှာ စစ်တပ်က စစ်အင်အား ၅၀ ဝန်းကျင်လောက်နဲ့ ဆရာဆမ်ဆွန်အိမ်ကို ဝိုင်းရံထားပြီး ၁၈ ရက်နေ့မနက်ပိုင်း ၂ နာရီလောက်မှာ မေးမြန်းစရာရှိတယ်လို့ ပြောဆိုပြီး ပြန်လည်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။

အာဏာမသိမ်းခင်ကတည်းကပင် ကချင်ပြည်နယ်အတွင်း စစ်တပ်ဘက်က ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်တာဆက်တိုက် လုပ်ဆောင်လာခဲ့ပြီး လက်ရှိမှာဆိုရင်လည်း ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ ပိုမိုလုပ်ဆောင်လာနေတာဟာ ကြောက်စိတ်ဝင်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“သူတို့တွေက ဟိုးအရင်ချိန်တွေကတည်းက ပြည်သူတွေကို မတရားဖိနှိပ်လာခဲ့တာ သူတို့ အာဏာသိမ်းချိန်မှာတော့ ပြည်သူ့အင်အားနဲ့ သူတို့ကို တော်လှန်ရေးတွေ လုပ်ဆောင်နေတဲ့ချိန် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တယ်၊ အမျိုးမျိုး ထောင်ချတာတွေ လုပ်တယ်၊ သူတို့ နှိပ်စက်လို့ သေဆုံးခဲ့ရတဲ့ သူတွေလည်းရှိတယ်၊ ဆိုတော့ သူတို့က ဒီဟာတွေနဲ့ ပြည်သူတွေကို ပြန်ပြီး အကြောက်တရားဝင်စေချင်နေကြတာ” လို့ ဆိုပါတယ်။

ဒီအထဲမှာ ဖားကန့်လမ်း မအူပင်မြို့ နေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးချိန် ဒေသခံ ၈ ဦးကို ဖမ်းဆီး ရိုက်နက်ခဲ့တဲ့ ဖြစ်စဉ်လည်း ပါဝင်ပါတယ်။

Show More

Related Articles

Back to top button