သတင်းဆောင်းပါး

စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။

မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။

နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။

“ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိပါတယ်။ NLD လက်ထက်မှာတုန်းကလည်း ကြုံခဲ့ရတယ် ဒါပေမယ့်အဲ့တုန်းက အနီးစပ်ဆုံး ဆိုရင် ဓာတ်ဆီတစ်ပုလင်း ၁၂၀၀၀ အလွန်ဆုံးစျေးတက်ခဲ့တယ်။ သွားသွားလာလာရသေးတယ် အခုဟာက အထိန်းအကွပ် မရှိတော့ဘူး။

မြစ်ကြီးနား-ပူတာအို ကားလမ်းကြောင်းပိတ်မှုနဲ့ လယ်သမားများ လုပ်ငန်းခွင် စတင်ဝင်ရောက်နိုင်ရန် ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က အခြေခံစားသောက် ကုန်အချို့နဲ့ ဒီဇယ်ကို လေယာဉ်နဲ့ သယ်ယူပြီး စျေးကွက်မှာ တဆင့်ပြန်လည် ဖြန့်ဝေ ရောင်းချပေး‌ခဲ့ပေမယ့် အဆမတန် စျေးတင်ရောင်းချသူတွေကြောင့် ဒေသခံတွေရဲ့ အခက်အခဲ လျော့ကျမသွားဘူးလို့ သိရပါတယ်။

အထက်ပါ လုံးစွတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ကားလမ်းပိတ်လို့ဆိုပြီး ၄၆ တပ်က Y8 နဲ့ တော့ တင်ပေးပါတယ်။ အများကြီးတော့မဟုတ်ဘူး ဟင်းသီးဟင်းရွက်တွေ ကြက်သွန်နီဖြူတွေ ခေါက်ဆွဲတို့ဘာတို့ပေါ့။ အဲ့ဒီလောက်ပဲတင်ပေးတာ ဒါပေမယ့်တင်လာတဲ့ဟာတွေက အခြေခံလူတန်းစားတွေဆီ မရောက်သေးဘူး လေဆိပ်ကနေပဲ စီးပွားသမားတွေက အကုန်သိမ်းကျုံးပြီးဝယ်သွားတာ ကျွန်တော်တို့က စီးပွားရေးသမားတွေဆီက တဆင့် ပြန်ဝယ်ရတော့ စျေးက ဒုန်းရင်းဒုန်ရင်းပဲ “ လို့ KNG ကို ပြောဆိုပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကုန်ပစ္စည်းတင်ပေးပေမယ့် ကုန်စျေးနှုန်းက ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ကုန်ပစ္စည်း ကုန်ကျတန်ဖိုး (ကျပ်)
ကြက်ဥ တစ်လုံး ၂,၀၀၀
စားဆီ တစ်ပုံ ၃၀၀,၀၀၀
ဆားတစ်ထုပ် ၅,၀၀၀
ခရမ်းချဉ်သီး ၃ လုံး ၅,၀၀၀
ဓါတ်ဆီ တစ်ပေပါ ၁၀,၀၀၀,၀၀၀
ဓါတ်ဆီ တစ်ပုလင်း ၇၀,၀၀၀

မေလ ၂၀ ရက်နေ့ ရရှိထားတဲ့ ပူတာအိုမြို့ အခြေခံ ကုန်စျေးနှုန်း

လေယာဉ်ကွင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ဓာတ်ဆီက မဝင်တော့ဘူးသာပြောတာ ကုန်တယ်လို့တော့မရှိဘူး ခုထိရှာဝယ်ရင်တော့ ရှိသေးတယ်။ ပုလင်းချိန်လေးတွေရောင်းနေကြသေးတယ်။ ဒါပေမယ့် တစ်ပုလင်း ၇၀၀၀၀ ၊ တစ်သိန်းအထိ တင်ရောင်း နေတော့ဝယ်မထည့်နိုင်ကြတော့တာ” လို့ ပြောပါတယ်။

အလားတူ ပူတာအိုဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အပြင်ဆေးဆိုင်အများပိုင်း ပိတ်ထားရသလို ပြည်သူ့ဆေးရုံကြီး မှာလည်း ဆေးဝါးပြတ်လပ်နေတယ်လို့ဆိုကာ ဆေးကုစရိတ်မြင့်တက်နေတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆေးခန်းတွေကတော့ကြာပြီ ပိတ်ထားကြတာ။ အခုမြို့ပေါ်မှာ တစ်ဆိုင်နှစ်ဆိုင်ပဲဖွင့်တယ်။ ဒါတောင်ဆေးက မစုံတော့ဘူး ပါရာစိမ်းဆို မရှိတော့ဘူး။ လူတိုင်းဝယ်ကြလို့ အခုဆေးရုံကြီးမှာလည်း အရမ်းဆေးကြီးတယ်တဲ့။ ဟိုနေ့က အသိတစ်ယောက် အစာအိမ်သွေးကြောပေါက်လို့ဆိုပြီး နှစ်ညအိပ်နဲ့ကုတာ ငါးသိန်းကုန်တယ်။ ပြီးတော့ နောက်တစ်ယောက်လည်း အူသက်ရောင်လို့ တစ်ညလေး ပဲအိပ်ပြီးကုတာ သုံးသိန်းကုန်တယ်တဲ့။ အခုဆိုဆေးရုံတောင် မသွားရဲကြတော့ဘူး စျေးကြီးလွန်းလို့” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက ဆေးဝါးတွေကို လေကြောင်းနဲ့ သယ်ယူပေးတာမျိုး မရှိသေးတာကြောင့် ဆေးဆိုင်အများအပြားပိတ်ထားရပြီး အဖြစ်အများဆုံးဖြစ်တဲ့ ခေါင်းကိုက်ဖျားနာမှုနဲ့ ဝမ်းပျက် ဝမ်းလျောဆေးဝါးတွေကိုဘည်း ဝယ်ယူလို့ မရဘူးလို့ ဆိုပါတယ်။

ပူတာအိုဒေသခံတွေဟာ စက်သုံးဆီ ရှားပါးမှုကြောင့် သွားလာရေး ခက်ခဲနေသလို ကုန်စျေးနှုန်းမြင့်မားမှုကြောင့် အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးကုသရေးအတွက် ခက်ခဲမှုကြုံနေရတာဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့မှာ စတင်လိုက်တဲ့ KIA ပူးပေါင်းတပ်ရဲ့ ထိုးစစ်ဟာ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တိုက်ပွဲဟာ ပူတာအိုမြို့နဲ့ နီးကပ်လာတဲ့အတွက် ပူတာအိုမြို့ခံ အများအပြား စစ်ဘေးရှောင်ဖို့ ကြိုတင် ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

“ဧပြီလကုန်ပိုင်းလောက် အထိကတော့ အေးအေးဆေးဆေးပါပဲ ဘယ်သူမှရွေ့ကြပြောင်းကြတဲ့သူမရှိဘူး။ ဒါပေမယ့် အခုငါးလပိုင်း ကနေ သတင်းတွေက အမျိုးမျိုးကြားနေရတော့ အောက်ပိုင်းကနေ ဒီလာပြီး နှစ်နဲ့ချီ စျေးရောင်းစားတဲ့ လူတွေလည်း အောက်ပိုင်းကို ပြန်ကုန်ပြီ။ တချို့ဆိုဆိုင်တွေတခါတည်းခါပြီး ပြန်သွားကြတယ် ပူတာအိုက ရဝမ်လီဆူတွေလည်း ပိုက်ဆံရှိတဲ့လူတွေက မြစ်ကြီးနားမြို့ထဲကိုပြောင်းသွားကြတာရှိတယ်။ ဒီလထဲမှ ပြောင်းကြရွေ့ကြတာ”လို့ လေယာဉ်ကွင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပူတအိုမြို့ခံပြည်သူတွေကို မေလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး မြို့နဲ့ဝေးရာကို တိမ်းရှောင်ရမယ်ဆိုတဲ့ ကောလဟာလ သတင်းပျံ့နှံ့ခဲ့ပြီး အဲ့ဒီသတင်းကြောင့် မြို့ခံတွေ ကြားမှာ စိုးရိမ်မှုပိုမိုမြင့်တက်လာနေပြီး ထွက်ပြေးဖို့ ပြင်ဆင်မှုတွေ ရှိနေပါတယ်။

ပူတာအိုဒေသခံများ မေလ ၂၆ ရက်နေ့နောက်ဆုံးထား တိမ်းရှောင်ရမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးကို ဆက်သွယ်မေးမြန်းရာအခုလို ဖြေကြားခဲ့ပါတယ်။

“အဲ့ဒီသတင်းက သတင်း မမှန်ကန်ပါဘူး လောလောဆယ် စိုးရိမ်စရာတော့မရှိသေးဘူး။ ဒါပေမယ့် ပူတာအိုမြို့က လူထုအနေနဲ့ မိသားစုကို လုံခြုံမယ့်နေရာကြိုတင်ပြင်ဆင်ထားရမယ်။ စားနပ်ရိက္ခာ ဆေးဝါး အနည်းဆုံး သုံးလစာ စုဆောင်းထားရမယ် KIA PDF တွေ အချိန်ကျလာရင် ပူတာအိုမြို့ထဲထိ ဝင်လာမှာဖြစ်တယ်” လို့ သူက ပြောပါတယ်။

ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့နှင့် ဖုန်ကျန်းကျေးရွာမှာ စစ်ကောင်စီ အထိုင်တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ်တပ်ဟာ မေလ ၇ ရက်နေ့ကစပြီး ပူတာအို နဲ့ ဆွမ်ပရာဘွမ်ကြားက လုံရှာယန်ကျေးရွာနဲ့ ဆွမ်ပီယန်ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ ရောက်ရှိနေတာကြောင့် နှစ်ဖက် ပစ်ခတ်မှု ရှိနေတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မတိုင်မှီက ပူတာအိုဒေသ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ လေကြောင်းလိုင်းကို အဓိကအားထားခဲ့ရပေမယ့် NLD အစိုးရလက်ထက် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းကို ပြန်လည်ပြုပြင်ပေးခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု ချောမွေ့လာခဲ့တာဖြစ်ပါတယ်။

ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး  ၂၀၁၈ ခုနှစ်စာရင်းအရ  အိမ်ခြေ ၁၁၀၀၀ လူဦးရေ ၆၀၀၀၀ ကျော်ရှိတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလှံခေါင်ဖျား ဒေသက မြို့တစ်မြို့လည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button