သတင်းဆောင်းပါး

ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ

စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ ဆော့လောမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ မျောမော ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စတင်သိမ်းပိုက်လိုက်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့မှာတော့ ဆော့လော်မြို့ ခလရ-၂၉၀ နဲ့ ခလရ-၂၆၀ တပ်ရင်းနှစ်ခုကို ထောက်ပို့ပေးနေတဲ့ မျှော်ဇန်ကူးရွာက နခတ-၁၀၀၁ တပ်စိပ် နယ်ခြားစောင့် စခန်းကို KIA ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း တချို့ကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ဆော့လော်မြို့အနီးရှိ ငါမောဇွပ်ရွာက နယ်ခြားစောင့်တပ် BGF တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့တဲ့အတွက် တစ်ပတ်အတွင်း ဆော့လော်မြို့အနီးတစ်ဝှိုက်ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA က သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

စခန်းသိမ်း တိုက်ပွဲတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ တပ်ရင်း ၄၆ တပ်ဖွဲ့ဝင်တွေ နဲ့ KPDF ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်ဟာ စခန်းသိမ်းတိုက်ပွဲမပြုလုပ်ခင် ဧပြီလ ၆ ရက်နေ့ ဆော့လော်မြို့ထဲမှာပဲ ဆော့လော်မြို့ပေါ်က ခလရ ၂၉၈ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူး အောင်ကျော်ကျော်ကို အရင်ဖမ်းဆီးခဲ့ပါတယ်။

ဆော့်လော်တပ်ရင်းမှူးကို ဖမ်းဆီးလိုက်ပြီး တစ်ပတ်အကြာ စစ်တပ်စခန်းနဲ့ ပြည်သူ့ စစ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက် လိုက်တာလည်း ဖြစ်ပါတယ်။

ဆော့လော်မြို့လမ်းပိုင်းကို တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေက ပိတ်ထားတာဖြစ်ပြီး မဖြစ်မနေသွား ရမယ်ဆိုရင်တော့ ထောက်ခံစာရယူပြီး သွားလာခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ လတ်တလောတိုက်ပွဲတွေကြောင့် ဆော့လော်မြို့ကို တက်မလာကြဖို့နဲ့ အသွားအလာဆင်ခြင်ပြီး နေထိုင်ကြဖို့ ဧပြီလ ၁၃ ရက်နေ့မှာ ဒေသခံတွေကို အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဆော့လော်မြို့ဟာ တရုတ်နယ်စပ်တောင်ပေါ် မြို့ဖြစ်တာကြောင့် ဖုန်းလိုင်းတွေလည်း အလွန်ခက်ခဲတဲ့နေရာ ဖြစ်ပါတယ်။

ဆော့လော်ဒေသဘက် တိုက်ပွဲတွေကြောင့် မြစ်ကြီးနားကနေ ဆော့လော်မြို့ကို သွားလာနေတဲ့ဒေသခံတစ်ယောက်ကတော့ ပိတ်မိပြီး ကန့်ဖာ ဒေသဘက်မှာ ခေတ္တတိမ်းရှောင်နေရတယ်လို့ အခုလိုပြောပြပါတယ်။

“ဆော့လော်ဘက်ကတပ်ရင်းမှူးတောင် KIA ဘက်ပါသွားပြီ အဲ့ဒီနောက်ပိုင်းကစလို့ အခုက သူတို့စခန်းကလည်း တစ်ခုပြီးတစ်ခု သိမ်းခံရတာကို ဆော့လော်ကိုက လုံးဝသွားလို့မရတာမျိုးတော့မဟုတ်ဘူး လမ်းကြောင်းတွေတော့ရှိတာပေါ့ ကျနော်ကတော့ ပိတ်မိသွားတဲ့ပုံစံပေါ့ ဆော့လော်ဘက် တိုက်ပွဲဖြစ်တော့လုံးဝမဖြတ်ခိုင်းဘူးပေါ့ အဲ့ဒီလမ်းကြောကိုတော့” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အထက်ဘက် ဆော့လော်ဒေသ တကြောတိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာပြီး ပြည်သူ့စစ်တပ်စခန်းတွေကို သိမ်းပိုက်ခံလာရတာကြောင့် စစ်တပ်ဘက်က ဧပြီလ ၁၉ ရက်နေ့မှာ ချီဖွေ၊ ပန်ဝါဘက်ကို စစ်ကား ၃ စီးနဲ့ အင်အား ၁၀၀ ထက်မနည်း ပို့ဆောင်ခဲ့ပါတယ်။

ဒီ စစ်ယာဉ်တန်းဟာ ဝိုင်းမော်မြို့နယ် ခလရ ၅၈ တပ်က တက်လာချိန် မံဝိန်းကြီးရွာ နဲ့ ဆိုင်လော်ရွာအကြား ပစ်ခတ်မှုဖြစ်ခဲ့ပေမယ့် KIA ဘက်က စစ်ကြောင်းကို တားဆီးနိုင်ခြင်းမရှိခဲ့တဲ့အပြင် ဂိတ်စခန်းလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့ဒီဘက်မှာက ကေအိုင်အေတပ်တွေက ဂိတ်ထိုင်နေတာကြာပြီ စစ်တပ်ဘက်က အင်အားအလုံး အရင်း တက်လာကြတာ တိုက်ပွဲက ကေအိုင်အေဂိတ်ရှိတဲ့နေရာမှာဖြစ်တာ စစ်တပ်ဘက်ကတော့ ဖြတ်သွားလိုက်နိုင်တာပေါ့” လို့ ပြောပါတယ်။

အင်အား ၁၀၀ နီးပါး ပါလာတဲ့ အဲ့ဒီစစ်ယာဥ်တန်းဟာ ချီဖွေ၊ ပန်ဝါဘက်ကို ဆက်လက်အင်အားပို့ဆောင်နိုင်ခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့ညပိုင်း ပြန်ဆင်းလာတဲ့ ယာဉ်တန်းကို ဝိုင်းမော်မြို့နယ် မုတ်ကျိတ်ရွာနဲ့ လမြန်ရွာကြားမှာ KIA က အလှစ်အငိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကားတစ်စီး တိမ်းမှောက်ပျက်စီးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“မနက်ပိုင်းမှာ စစ်အင်အားသွားပို့ပြီး ပြန်လာတဲ့ ကား ၃ စီးကို KIA တပ်တွေက ပြန်တိုက်တာ ကားတစ်စီးက မှောက်လှဲသွားပြီး မီးရှို့ပေးလိုက်တယ်။ မနက်ပိုင်းတက်သွားတဲ့အချိန်မှာက ယာဉ်တန်းထဲမှာက စစ်ကားနဲ့ အိမ်စီးကားတွေပါတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီယာဥ်တန်းထဲက နှစ်စီးကတော့ ဝိုင်းမော်မြို့နယ်ဝူယာန်ရွာက ပြည်သူ့စစ်တပ်စခန်းထဲ ဝင်ရောက်သွားပြီး စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပစ်ခတ်မှုဟာလည်း ဧပြီလ ၁၉ ရက်နေ့ည ၁၀ နာရီအထိ ပစ်ခတ်သံတွေ မငြိမ်သက်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်-ချီဖွေ-ဆဒုံး လမ်းမကြီးပေါ်မှာရှိတဲ့ လမြန်၊ မုတ်ကျိတ်၊ ဝူယာန်စတဲ့ကျေးရွာဟာ တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပြီး ခလရ-၅၈ တပ်ရင်းက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် အရပ်သားတချို့ ထွက်ပြေးကြရတာရှိသလို နေအိမ်ပျက်စီးတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကပဲ အဲ့ဒီ ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်လို့ မုတ်ကျိတ်ရွာက နေအိမ် ၂ လုံး၊ လမြန်ရွာက ဘာသာရေးအဆောင်အအုံတစ်ခုနဲ့ နေအိမ် ၅ လုံးထက် မနည်း ခေါင်မိုးတွေပေါက်ပြီးပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီဘက်က ဒီရက်ပိုင်းအတွင်း လမြန်ရွာ နဲ့ မုတ်ကျိတ်ရွာတွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်အသုံးပြု နေတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က အဲ့ဒီအနီးတစ်ဝှိုက်စစ်ရေး လှုပ်ရှားနေတာကြောင့်ဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာ ၁ လကျော်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်ဖက်တပ်တွေကတော့ စစ်ရေးတင်းမာနေကြတာ ဒုက္ခရောက်တာက ကျနော်တို့ပြည်သူတွေပဲ ကြားကနေ ခံစားနေရတယ်။ ထွက်ပြေးရမယ် နေရာလည်း မရှိတော့ဘူး။ တချို့တွေဆိုရင် အိမ်စောင့် တောင်မရှိတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ” လို့ဒေသခံတစ်ယောက်က လက်ရှိအခြေနေကို ရှင်းပြပါတယ်။

ဒီလိုနှစ်ဖက် စစ်ရေးတင်းမာလာမှုရဲ့အစဟာ ပြီးခဲ့တဲ့ ဧပြီလ လဆန်းပိုင်းက ကချင်လွတ်လပ်ရေး တပ်မတော် KIA ဘက်က ဝူယာန်ရွာပြည်သူ့ စစ်ဂိတ်ကိုသွား ရောက်တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တာလို့ ဒေသခံတွေကပြောကြပါတယ်။

ဧပြီလ လဆန်းပိုင်း ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၃ ရက်အတွင်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့စစ်တပ်တွေ အပြန်အလှန်နေအိမ်မီးရှို့မှုတွေကြောင့် လမြန်၊ မုတ်ကျိတ်စတဲ့ရွာတွေက နေအိမ် ၁၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

အဲ့ဒီလို အပြန်အလှန် နေအိမ်မီးရှို့မှုတွေဆက်တိုက်ရှိသလို KIA နဲ့ ပြည်သူ့စစ်အကြား လမြန်ရွာ နဲ့ မုတ်ကျိတ်ရွာတဝှိုက် တိုက်ပွဲတွေကလည်း ခပ်စိတ်စိတ် ဖြစ်လာပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတစ်ဝှိုက်ကနေ စတင်လိုက်တဲ့ KIA ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ  စစ်ကောင်စီ ဩဇာခံလို့ ဆိုရမယ့် ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ် BGF တို့ ကြီးစိုးရာဒေသ ချီဖွေ၊ ဆော့လော်ဒေသတွေအထိပါ ကျယ်ပြည့်လာတာဖြစ်ပါတယ်။

ဆော့လော်ဒေသဟာ ကချင် ဒီမိုကရေစီသစ်တပ်မတော် NDA-K က နယ်ခြားစောင့်တပ်အဖြစ် ၂၀၀၉ မှာ ပြောင်းလဲလာတဲ့ ဦးဇခုန်တိန့်ယိမ်းက အဓိကလှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မတိုင်ခင်နှစ်များမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းတို့အကြား ဆက်ဆံရေးဟာ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ်အသွင်ပြောင်းပြီးနောက် ရုတ်ချည်းပြောင်းလဲ သွားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တိုက်ပွဲအတွင်း မျိုးနွယ်စုဝင်တွေ အကြား ပထမဆုံးထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲကတော့ ဆော့လော်မြို့နယ် လောက်ခေါင်ရွာအထက်ဘက်မှာဖြစ်ပြီး ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ BGF နဲ့အတူ စစ်ကောင်စီတပ်တို့က KIA တပ်စခန်းတစ်ခုကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ BGF တို့အကြား မကြာခဏ စစ်ရေးတင်းမာလာပါတော့တယ်။

တိုက်ပွဲမဖြစ်ပဲ စစ်ရေးတင်းမာလာခဲ့ရာကနေ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က KIO ဌာနချုပ်အနီးတဝှိုက် ကနေစတင်တဲ့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ကနေ ၁၀ စုနှစ်တစ်ခုအကြာစစ်ရေးတင်းမာမှုနဲ့သာ ရပ်တန့်နေတဲ့ KIA နဲ့ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ BGF တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်လာသည်ဟု ဒေသခံတွေက ဆိုကြပါတယ်။

Show More

Related Articles

Back to top button