ဖမ်းဆီးခံရမှုသတင်း

ဘုရားကျောင်းဝင်းထဲမှာ ဖမ်းဆီးခံရတဲ့ ကချင်အမျိုးသား ၈ ဦးပြန်လည်လွတ်မြောက်လာ

ဖားကန့်မြို့၊ ငှက်ပျော်တောရပ်ကွက်မှာ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရမှုကြောင့် စွပ်စွဲမှုနဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသာ ၈ ဦး ဒီနေ့ မနက်ပိုင်းမှာ ပြန်လွတ်မြောက်လာပြီလို့သိရပါတယ်။

ဖမ်းဆီးခံသွားရတဲ့ ကချင်အမျိုးသား ၈ ဦးဟာ မေလ ၂၅ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းထဲ ချင်းလုံးကစားနေရာကနေ စစ်ကောင်စီတပ်သားတွေက စစ်အင်အားလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင် တွေနဲ့နီးစပ်သူတစ်ဦးက KNG ကို ခုလို ပြောပါတယ်။

ရက်ပိုင်းအတွင်းမှာ ဖမ်းဆီးသွားတဲ့သူတွေကို ဒီမနက်ပိုင်းမှာပဲ ပြန်လွတ်ပေးပြီတဲ့။ သူတို့စစ်ဆေးကြည့်တော့ အပြစ်မရှိဘူးလို့ပြောပြီး ပြန်လွတ်ပေးလိုက်ပြီးတဲ့။ CCTV မှတ်တမ်းကြည့်တဲ့အခါမှာ အဲဒီ ၈ ယောက်က မပါလို့ ပြန်လွတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ မိသားစုတွေကိုမေးကြည့်တော့လည်း လွတ်လာပြီတဲ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကချင်အမျိုးသား ၈ ယောက်ကို ဘုရားကျောင်းဝင်းအထိဝင်ရောက်လာပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ မေလဆန်းပိုင်းအတွင်း ဘုရားကျောင်းဝင်းအနီးမှာ ရဲတပ်သားတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် ဖြစ်တယ်လို့သိရပါတယ်။

အဲဒီသတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ ဘုရားကျောင်းနဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲချက်နဲ့ ဘုရားကျောင်းဝင်းထဲမှာ ခြင်းလုံးကစားနေတဲ့ အရပ်သားပြည်သူ ၈ ယောက်ကို လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောပြပါတယ်။

ဒီလထဲမှာပဲ KBC ဘုရားကျောင်းဝင်းရှေ့ မုန့်ဆိုင်မှာ ရဲတပ်သားတစ်ယောက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခံခဲ့ရတာ။ အဲဒီဖမ်းဆီးခံရတဲ့ သူက အရမ်းအော်တော့ ဖမ်းတဲ့သူတွေကလည်း သူခိုးဆိုပြီး ပြန်အော်တယ်တဲ့။ အနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေကော သူခိုးဆိုပြီးအော်တော့ ဘုရားကျောင်းဝင်းမှာ ချင်းလုံးဆော့နေတဲ့ သူတွေက သူခိုးထင်ပြီး သွားရောက်ပါဝင်ကူညီပေးခဲ့တယ်တဲ့။ ဖမ်းခံရတဲ့ ရဲတပ်သားကိုလည်း အဲ့နေရာမှာ ပစ်သတ်သွားတာ။ အဲဒါကြောင့် အဲ့အမှုနဲ့ ပတ်သက်ပြီး ဖမ်းသွားတာလို့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၈ ဦးကို ၃ ရက်လောက်အကြာ ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးပြီးတော့ ပြစ်မှုမရှိတာကြောင့် ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် လွတ်မြောက်ပေးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခံရတဲ့ သူတွေကို လွတ်မြောက်ပေးခဲ့ပေမယ့် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ငှက်ပျောတောရပ်ကွက် လူနေအိမ်တစ်ချို့မှာ ရှောင်တခင်လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ မောင် တိန်းဘားတူး(Sd. Ting Ba Tu)၊ ဦးလဖန် တူးဂျာ(Slg. Lahpang Tu Ja)၊ ဦးဘရန်ဇက်(Slg. Brang Zet)၊ မောင်မကျူလဂျာ(Sd. Machyu La Ja)၊ မောင်ကွမ်းထပ်ဘရန်အောင်(Sd. Kumhtat Brang Aung)၊ မောင်လရှီးလွတ်ရိန်အောင်(Sd. Lashi Sut Ring Aung)၊ ဦး မကျူဆွတ်အောင်(Machyu Sut Aung) တွေဖြစ်တယ်လို့သိရပါတယ်။

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ ဖားကန့်မြို့တစ်ခုလုံးကို လုံခြုံရေးယူထားတဲ့ စစ်တပ်စခန်း ၆ ခုလောက်ကို လက်လွတ်လိုက်ရတဲ့အတွက် လက်ရှိမှာ မြို့တွင်းထဲ အရပ်ဝတ်တွေနဲ့ ကား၊ ဆိုင်ကယ် လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် နေအိမ်တွေပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button