တိုက်ပွဲသတင်း

ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KPDF တပ်တို့ ဒီနေ့မနက်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေသိရပါတယ်။

ဖားကန့် တပ်မကုန်းကနေဆင်းလာတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကြောင်းတစ်ကြောင်းဟာ ဒီနေ့မနက် အစောပိုင်း ဆိုင်းတောင်ကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်းတောင်ကျေးရွာအဝင် ရပ်ကွက် ၃ အရောက်မှာ KPDF ပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

မနက် အစောကြီးပဲ ၅နာရီလောက်မှာထင်တယ် အဲ့ပစ်ခတ်မှုဖြစ်ကြတာ။ အခုတော့ငြိမ်နေပါတယ်ရွာထဲမှာလည်း သွားသွားလာလာလုပ်နေကြတယ် လူတော့မထိဘူး အိမ်တွေထိခိုက်ပျက်စီးတာတော့ရှိသွားတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဘက်က ရွာထဲကိုလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဆိုင်းတောင်တံတားအနီးက ဆေးဆိုင် ခြံဝင်းအနီးမှာတစ်လုံးကျရောက်ပေါက်ကွဲခဲ့သလို ရပ်ကွက် ၃ ထဲက Gym ရုံတစ်ခုမှာလည်းတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် gym ရုံရဲ့ မှန်ကာတွေပျက်စီးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။

လူတွေတော့မထိခိုက်ဘူးအိမ်နည်းနည်းအပျက်အစီးတော့ရှိသွားတယ်။အဲ့စစ်ကြောင်းက အခုယူမာဘက်ကိုပြန်လည့်သွားတယ် ဖားကန့်တပ်မကုန်းပဲ ပြန်မလားဘယ်ကိုဦးတည်မလဲတော့နားစွင့်နေတုန်းလို့ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အလားတူ မနေ့က ဇွန်လ ၂၄ရက်နေ့ ည ၁၀ နာရီအချိန်မှာလည်း စစ်ကောင်စီစစ်သားတွေက ဆိုင်းတောင်အဝင် တံတားထိပ်မှာ ကားတွေဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးတာမျိုးပြုလုပ်ခဲ့တာ‌ကြောင့်အရပ်သားတစ်ချို့ ဖမ်းဆီးခံရတာတွေည်းရှိသွားတယ်လို့သိရပါတယ်။

ဆိုင်းတောင်ကျေးရွာထဲမှာ လွန်ခဲ့တဲ့အပတ်ကတည်းက စစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားပြတာမျိုးရှိနေပြီး လက်နက်ကြီး လက်နက်ငယ်ပစ််ခတ်တာတွေလည်းရှိတယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မိုးညှင်းမြို့နယ်ထဲ အင်းတော်ကြီးဒေသအနီးက ဝှေလုံစစ်တပ်စခန်း၊ ချောင်းဝစစ်ကောင်စီတပ်စခန်းနဲ့ ညောင်ပင်ရွာစစ်ကောင်စီတပ်စခန်းတို့ကို ပြီးခဲ့တဲ့ရက်က KIAKPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button