အင်တာဗျူး

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်  (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU) ရဲ့ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက်ကျောင်းဝင်ခွင့်လျှောက်လွာတွေကို ဇူလှိုင်လ  ရက်နေ့ကနေစပြီးတော့ စတင်လက်ခံနေပြီဘဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU) ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် KIO အစိုးရတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ တည်ထောင်ကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ  ၁၂ ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့တာ ဖြစ်ပြီး ဒီနှစ်ကတော့ တတိယအကြိမ်မြောက်ကျောင်းဝင်ခွင့်လျှောက်လွာတွေကို လက်ခံနေတာဘဲ ဖြစ်ပါ တယ်။

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။

မေးကျေးဇူးပြုပြီးတော့  ဆရာတာဝန်ယူထားတဲ့အပိုင်းနဲ့ ဆရာ့နာမလည်လေး တစ်ချက်လောက်မိတ်ဆက်ပေးပါအုံးဆရာ။

ဖြေကျွန်တော်ကတော့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University(KSCU)ကျောင်းရဲ့ ဒုအဓိပတိဖြစ်တဲ့ ဒေါက်တာအောင်နိုင်သူဖြစ်ပါတယ်။

မေး– ပထမဆုံးအနေနဲ့ ကျောင်းဝင်ခွင့်လျှောက်ထားရမဲ့ပုံစံနဲ့၊သင်ကြားမဲ့ဘာသာရပ်တွေကို ပြောပြပေးပါအုံးဆရာ။

ဖြေ–  လျှောက်လွှာတွေကိုတော့ လတ်တလောအခြေအနေအရ အွန်လိုင်း(online)ကနေပြီးတော့ ဆရာတို့မပေးနိုင်သေးဘူး  on ground ကနေတင်ရမယ် တင်တဲ့အခါမှာ လူကိုယ်တိုင်ဖြစ်စေ ကိုယ်တိုင်မဟုတ်ရင်တောင် ခင်ရာမင်ရာ ကိုယ်စားဖြစ်စေ တင်ရမယ်။ လျှောက်လွှာကိုတော့ ဘယ်မှာယူရမလဲဆိုရင် ဆရာတို့ KSCUရဲ့ ဌာနချုပ်(main office)ဖြစ်တဲ့ လိုင်ဇာမှာဘဲယူရမယ်။ ဝင်ခွင့်လျှောက်လွှာ ပိတ်ရက်တွေကတစ်ကျောင်းနဲ့တစ်ကျောင်းမတူကြဘူး။ သင်ကြားတဲ့ဘာသာရပ်တွေကတော့ ဆေးကျောင်း(School of Medical Sciences )နဲ့သူနာပြုကျောင်း(School of Nursing Sciences)က ၉လပိုင်း ၁၅ရက်နေ့ထိလက်ခံတယ်။ ပြီးရင် ၁၀ လပိုင်းမှာ အင်တာဗျူးရှိတယ်။ ရေးဖြေတော့ မရှိဘူး။ School of Technology ကတော့ ၁၁ လပိုင်း ၁၅ရက်မှာ ပိတ်မယ်။ ပြီးတော့ ဝင်ခွင့်စာမေးပွဲရှိတယ် math physicsနဲ့ english စာဖြေရမယ်။ ဝိဇ္ဇာသိပ္ပံ (School of Arts and Sciences)လည်း School of Technology နဲ့တူတယ် ၁၁ လပိုင်း ၁၅ ရက်မှာပိတ်မယ်။ စိုက်ပျိုးရေးတက္ကသိုလ်(School of Agriculture)ကတော့ ၁၂လပိုင်း  ရက်နေ့မှာပိတ်မယ်။ စီးပွားရေးတက္ကသိုလ်(School of Economics)နဲ့ ဥပဒေ (Facility of Law)ကတော့ အတူတူဘဲ ၁၂ လပိုင်း ၁၅ ရက်နေ့မှာ ပိတ်မယ်။

မေး– အခုဖွင့်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားဦးရေ ဘယ်လိုကန့်သတ်ထားလဲ ဆရာ ပြီးတော့ ဘယ်ဘာသာရပ်တွေက Day နဲ့ အဝေးသင်တက်လို့ရလဲဗျ။

ဖြေ– လူဦးရေ ကန့်သတ်ထားတာကတော့ ဆေးတက္ကသိုလ်က လူဦးရေ ၅၀ဦး၊ သူနာပြုတက္ကသိုလ် ၅၀ဦး၊ နည်းပညာ တက္ကသိုလ်က ၂၅ဦး၊ စိုက်ပျိုးရေးတက္ကသိုလ် ၃၀ဦး၊ စီးပွားရေးတက္ကသိုလ် ၂၅ဦး ကျန်တဲ့တက္ကသိုလ်တွေကတော့ ကန့်သတ်ချက်မရှိဘူး။ ပြီးတော့ ဆေးကျောင်းတို့ သူနာပြုတို့ စိုက်ပျိုးရေး၊ နည်းပညာ၊ စီးပွားရေးနဲ့ ဉပဒေတက္ကသိုလ်တွေကတော့ အဝေးသင်မရှိဘူး။ ဒါပေမယ့် ဝိဇ္ဇာသိပ္ပံ ကတော့ အဝေးသင်တက်လို့ရတယ် Day ကတော့ တစ်နှစ်ပတ်လုံးတက်ရပြီး အဝေးသင်ကတော့ သတ်မှတ်ကာလလေးမှာဘဲ တက်ရတယ် သူတို့အတွက်ကံကောင်းတာက ဒီမှာ ကျူရှင်မရှိဘူး day ရောအဝေးသင်ရော ကျူရှင်မဖွင့်ရဘူး ကျောင်းအနေနဲ့တားမြစ်ထားပြီး ကျူရှင်သင်ရင်တော့ blacklist သွင်းတယ် အဲအတွက်ကြောင့်မို့ အဝေးသင်တွေအနေနဲ့လည်း အနီးကပ်ကို အနည်းဆုံး ၁၅အချိန်ပြည့်တက်ရတယ် စာမပြတ်တဲ့ ဘာသာရပ်တွေလည်းဆက်သင်ပေးတယ်ပေါ့ အဝေးသင်တွေကတော့လုပ်ငန်းခွင်က အချိန်မပေးနိုင်တဲ့သူတွေတက်ဖို့ပါ။ကျောင်းကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမအပတ်ကစပြီး ဖွင့်မှာဖြစ်တယ်။

မေးသင်ကြားပေးမဲ့ဆရာ/ တွေက ဘယ်သူတွေလဲ ပြီးတော့ ဘယ်လိုသင်ကြားမှုပုံစံတွေကို အသုံးပြုနေလဲ။

ဖြေ– ပြည်မထဲမှာ အရင်တုန်းက တော်လှန်ရေးလုပ်တဲ့ချိန် CDM လုပ်ထားတဲ့ဆရာ/ တွေဘဲအကုန်လုံးက ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေး ၊ဉပဒေ စတဲ့ ကျောင်းတွေမှာ CDM လုပ်ထားတဲ့ ဆရာ/မတွေဘဲ။ လက်ရှိအခြေအနေအရ ဆရာ/မကော ဝန်ထမ်းအားလုံးက ၉၀လောက်ရှိတယ်။ ဝန်ထမ်းမပါဘဲ အဲမှာစာသင်တဲ့ ဆရာ/မတွေကတော့ ၆၀လောက်ရှိတယ် လုံလောက်မှုကတော့ သာမန်အခြေအနေနဲ့ပြောမယ်ဆိုရင်တော့ မရှိဘူးပေါ့။ တစ်ကျောင်းက လိုအပ်တဲ့နေရာတွေမှာ ကျန်တဲ့ကျောင်းတွေက ပြန်ဖြည့်ပြီး ကူသင်ရတာတွေရှိတာပေါ့ သင်တဲ့ပုံစံကတော့ အရင်အာဏာမသိမ်းခင်က သင်တဲ့ပုံစံကို ကျောရိုးယူလိုက်တယ် ပြီးတော့ ခေတ်နဲ့ လျော်ညီတဲ့အရာတွေကိုတော့ အဆင့်မြင့်ထားတာတွေရှိတယ် အကုန်လုံးကလည်း ကိုယ်သင်ရိုးပုံစံအသစ်နဲ့သင်နိုင်ဖို့ ကြိုးစားနေကြတယ်။

မေး–  ဒီကျောင်းတက်ပြီးသွားလို့ရှိရင် ကျောင်းသားတွေရဲ့ အခွင့်အလမ်းနဲ့ အနာဂတ် ဘယ်လိုပုံစံမျိုးဖြစ်မလဲဆရာ။

ဖြေ– ဒီကပြီးတဲ့ကျောင်းသားတွေကတော့ စစ်ကောင်စီမှာတော့ အလုပ်ဝင်လို့ရမှာတော့မဟုတ်ဘူး ဒါပေမယ့်နောင်လာမယ့် အစိုးသစ်မှာတော့ အစိုးရလုပ်ငန်းဌာနတွေနဲ့ ညှိနှိုင်းနေတယ် ဘယ်လို့ဘွဲ့ရသွားရင်ဘာလုပ်မယ်ပေါ့နော်။ ပြီးတော့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့

ချိတ်ဆက်နိုင်ဖို့အတွက် ကြိုးစားနေကြတယ် တော်တော်များများလည်း ခရီးတော့ရောက်နေပြီ ၈၀ရာခိုင်နှုန်းလောက်တော့ပြီးနေပြီ ဖြည်းဖြည်းချင်းတော့ သွားနေကြတယ်။ နောက်ကချင်ပြည်နယ် ဖက်ဒရယ်အစိုးရဖြစ်လာရင် သူတို့ကလည်း ဒီတက္ကသိုလ်ကလူတွေကိုအားထားတယ် ပြီးတော့ ကေအိုင်အိုအစိုးရနဲ့ NUGအစိုးရတွေနဲ့လည်းညှိနှိုင်းတယ် နောက်တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးဖို့မွေးထုတ်နေတာပေါ့။

မေး-KSCUကျောင်းကိုဖွင့်လှစ်သင်ကြားချိန် ကြုံတွေ့ရတဲ့အခက်အခဲစိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲဆရာ။

ဖြေ – အဓိကတော့ သင်ကြားရေးဆရာ၊မခေါ်ယူရတာ ခက်ခဲတာပေါ့ ပြီးတော့ သင်ကြားရေးကိရိယာနဲ့စာအုပ်တွေပေါ့ ဆရာ၊မတွေရဲ့ နေထိုင်ဖို့နဲ့ စားဖို့သောက်ဖို့က ဒီက ကေအိုင်အိုအစိုးရကပေးတာပေါ့ ချီးမြင့်ငွေတွေလည်း ကေအိုင်ကေအစိုးရပေးတယ်

တော်လှန်ရေးကာလဖြစ်တော့ အရမ်းပြည့်စုံတာမဟုတ်ပေမယ့် အထိုက်အလျောက်တော့ အဆင်ပြေပါတယ်။ 

မေးနောက်ဆုံးအနေနဲ့ ဒီကျောင်းကိုတက်ရောက်ဖို့ပြင်ဆင်နေတဲ့ လူငယ်တွေအပေါ် ဘယ်လိုအမှာစကားမျိုး ပြောချင်လဲဗျ။

ဖြေဆရာအမှာစကားပြောချင်တာကတော့ ဒီတော်လှန်ရေးကာလမှာ မြေပြင်မှာပေါ်ပေါက်လာတဲ့ အစောဆုံးတက္ကသိုလ်လည်းဖြစ်တယ်ပေါ့နော  ဒီဘက်မှာဆိုရင်လည်း အားလုံးCDM ဆရာ၊မတွေရဲ့ကြိုးစားအားထုတ်မှုတွေနဲ့အတူ CDMလုပ်ထားပြီးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တယ်။ နောက်ပြီး ဒီဘက်မှာဖြစ်တဲ့ တစ်ကြော့ပြန်တိုက်ပွဲကြောင့် ပညာဆက်သင်ဖို့ လမ်းပိတ်နေတဲ့ သူတွေအတွက် ဦးတည်ပြီးတော့ဖွင့်တဲ့ တက္ကသိုလ်ဖြစ်တယ် ဒါကြောင့်မို့လို့ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ရဲ့ရှိနေတဲ့လမ်းပျောက်နေတဲ့ လူငယ်တွေနဲ့ တစ်နိုင်ငံလုံး ကျောင်းသားတွေကို ဆရာတို့ကနေပြီးတော့ လှိုက်လှိုက် လှဲလှဲကြိုဆိုပါတယ်

ဒါ့အပြင် ဒီကျောင်းမှာ တက်ရောက်ခွင့်ရမဲ့ သူတွေအနေနဲ့ကတော့ ၂၀၂၀ ခုနှစ်နှင့် ၄င်းနှစ်မတိုင်မီနှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်ရရှိထားသူများ (GED နှင့် IGCSE)၊ကချင်ပညာရေးဌာန Kachin Education Department (KED) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ ကချင်ပညာရေးဌာန (KED) မှ ထောက်ခံချက်ပေးထားတဲ့ ဘာသာရေးကျောင်းမှ ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ (KED ) မှ အသိအမှတ်ပြု ထောက်ခံစာ ပါရှိရမှာဖြစ်ပြီး နောက်ထပ် အခြေ ခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment, BECA) မှ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိပြီ သူများ(ဘာသာရပ်အားလုံးတွင် အနိမ့်ဆုံး C Grade) ရရှိထားသူ၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး ဝင်ခွင့်သတ်မှတ်ချက်များနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်တယ်လို့ KSCU ဖော့စဘုတ်ပေ့မှာ ရေးသားဖော်ပြထားတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button