လူထုအသံအင်တာဗျူး

၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ နဲ့ ကချင်လူထုအမြင်

ဖေဖော်ဝါရီလ ၁၂ ရက် မှာ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပြီး တောင်တန်းဒေသနဲ့ ပြည်မ စုပေါင်းပြီးတော့ ဗြိတိသျှ အစိုးရ ကနေ လွတ်လပ်ရေးအတူရယူဖို့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်  ကချင်၊ ချင်း၊ ရှမ်းနဲ့ ဗမာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပြီး တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပင်လုံစာချုပ်ကြောင့် မြန်မာနိုင်ငံမှာ တရားဝင်ပြည်နယ် သတ်မှတ်ချက်တွေ ပေါ်ပေါက်လာပေမယ့် ဗမာအစိုးရက လူမျိုးကြီးဝါဒ အသုံးပြုပြီး ပြည်ထောင်စုအနေနဲ့ မဟုတ်ဘဲ တစ်ပြည်ထောင် ဗဟိုအုပ်ချုပ်မှုပုံစံနဲ့ တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစာချုပ်ပါ သဘောတူညီမှုတွေအရ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ပြီးနောက် လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာတာ ယနေ့အချိန်ထိဖြစ်ပါတယ်။

ဒါအပြင် စစ်အစိုးရဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုတွေကို ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ခုနှစ်တွေမှာ အကြိမ်ကြိမ် ပြုလုပ် ကျူးခဲ့တာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီပွားရေးနဲ့ ပညာရေးတွေဟာ တဖြည်းဖြည်းနဲ့ အနှုတ်လက္ခဏာ ပြခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံး လည်း ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါတယ်။

၇၈ ကြိမ်မြောက်ပြည်ထောင်စုနေ့မှာ Kachin National Forum-KNF က လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအနေနဲ့ ခိုင်ခံတဲ့ တပ်ပေါင်းစု ဖွဲ့စည်းပြီးတော့ ပြည်သူလူထုများနဲ့အတူ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ဖျက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်သွားဖို့ ထုတ်ပြန်ချက်နဲ့ တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် Kachin Political Interim Coordination Team KPICT ကလည်း အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အင်အားစုတွေအနေနဲ့ ပင်လုံစာချုပ်မှာပါတဲ့ ဂတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတာဟာ နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာမှာကို ယုံကြည်ကြောင်း NUG အစိုးရထံ သဝဏ်လွာပေးပို့ခဲ့တာ တွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ ကချင်ပြည်နယ် ဒေသခံပြည်သူတွေရဲ့ အမြင်ကို မေးမြန်း တင်ဆက်ထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တက္ကသိုလ် တစ်ခုမှာ ကျောင်းတက်နေတဲ့ လူငယ်အမျိုးသားတစ်ဦး

ကချင်တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို မခံစားခဲ့ရဘူး။ ကျွန်တော်တို့ ကလေးတုန်းက သိခဲ့တာကတော့ ပြည်ထောင်စုနေ့မှာမှ ကိုယ်နဲ့ သက်ဆိုင်တဲ့ ရိုးရာအင်္ကျီတွေ ဝတ်ပြီး ကတာတွေ တီဗီတွေမှာ သီချင်းဆိုတာတွေ ကိုဘဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့်လည်း စစ်က အမြဲတမ်းဖြစ်နေတယ်။ ပြဿနာတွေလည်း အမြဲကြုံတွေ့ခဲ့တဲ့အတွက် ပြည်ထောင်စုဆိုတဲ့ အရာကိုတော့ လုံးဝမခံစားခဲ့ရဘူးလို့ ပြောချင်ပါတယ်

ကချင် နိုင်ငံရေးလေ့လာ သုံးသပ်သူ အမျိုးသားတစ်ဦး

ကျွန်‌တော်တို့ ပြည်သူအားလုံးက စုပေါင်းရမယ်။ ပထမဆုံးတော့ လက်နက်ကိုင်တဲ့သူတွေ ပေါင်းစည်းရမယ်၊ ဒုတိယက နိုင်ငံရေးအဖွဲ့အစည်းတွေ ပြီးတော့ လူထုအခြေပြု အဖွဲ့အစည်းတွေ ၊ ဒီသုံးခုက သေချာစည်းလုံးပြီး စစ်ကောင်စီကို တွန်းလှန် ပစ်ရမယ်။ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်နိုင်မှ ကျွန်တော်တို့ လိုချင်တဲ့ ဖယ်ဒရယ်တိုင်းပြည်ကို တည်ထောင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အားလုံးအတူလုပ်‌ဆောင်ရမှာ ဖြစ်တယ်လို့ အားလုံးကို တိုက်တွန်းချင်ပါတယ်

မလေးရှားမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ် အမျိုးသမီး Ah Pan

ကိုယ့်အနေနဲ့ မျှော်လင့်မိတာကတော့ လူကို လူလိုမြင်ပြီး လူ့အသက်ကို တန်ဖိုးထားတတ်ဖို့၊ လူမျိုးကြီးတွေက လူမျိုးငယ်တွေကို အထင်သေးနိုင်စားတာမျိုးမဟုတ်ဘဲ  လူမျိုးကြီး လူမျိုးငယ်မခွဲဘဲ ညီတူညီမျှ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရပြီး တိုးတက်ကောင်းမွန်တဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်လာမှာကို လိုချင်ပါတယ်။ ပြီးတော့ ကျွန်မတို့ အမြဲချန်ထားမိတဲ့အရာတစ်ခုက မြန်မာနိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေကို နိုင်ငံရေး၊ တရားစီရင်ရေး စတဲ့ နေရာမျိုးစုံမှာ  ဆုံးဖြတ်ချက်ချရတဲ့ နေရာပေးတာမျိုးကို မြင်တွေ့ချင်ပါတယ်။ ဒါကကျွန်မတစ်ဦးတစ်ယောက်အနေနဲ့ မြင်ချင်တဲ့ ပြည်ထောင်စု နိုင်ငံမျိုး ဖြစ်ပါတယ်

Show More

Related Articles

Back to top button