မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ရေဘေးသင့်ခဲ့တဲ့ မလိယန်ကျေးရွာမှာ လူနေအိမ် ၅၀ကျော်ပျက်စီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ဆုံဒေသဖြစ်တဲ့ မလိယန်ကျေးရွာမှာ ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၅၀ကျော်ပျက်စီးသွားခဲ့တယ်လို့ မလိယန်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက် မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့တာကြောင့် ပြည်သူတွေရေဘေးသင့်ခဲ့ပြီး မြစ်ကမ်းနံဘေးမှာရှိတဲ့ မလိယန်ကျေးရွာဟာလည်း ရွာရဲ့ သုံးပုံနှစ်ပုံကျော် ရေဖုံးလွှမ်းသွားတာဘဲဖြစ်ပါတယ်။

ဒေသခံတွေပြောတာကတော့ ဧရာဝတီမြစ်ရေမြစ်ရေတွေဖုံးလွှမ်းခဲ့တဲ့နေရာတွေမှာ ရေစီးအလွန်သန်တဲ့အတွက် အိမ်တွေမျှောပါသွားတာရှိသလို ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၅၀ ကျော်ရှိတယ်လို့ မလိယန်ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

“အရင်ကတည်းကနေ ဒီမြစ်က ရေစီးသန်နေတဲ့ထဲမှာမှ ရွာအထက်ဘက်မှာရွှေတူးလိုက်တော့ ရွာကိုအကာအကွယ်ပေးနိုင်တဲ့ မြစ်ဘေးနားက သစ်ပင်တွေလည်း အကုန်လှဲပြိုပြီးပါသွားပြီး ရွာအထက်ပိုင်းမှာ ပိုဆိုးသွားတာဟုတ်တယ်”လို့ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့နေအိမ် ၅၀ကျော်ထဲမှာ မီးဖိုချောင်ပျက်စီး အိမ်နံရံတွေအက်ပြီး ကွာသွားတဲ့အိမ်တွေနဲ့ အိမ်ခေါင်မိုးတွေပြုတ်ထွက်သွားတဲ့အိမ် အိမ်ခြေ ၂၀ကနေ ၃၀ကြားရှိပြီး ရေထဲမျှောပါသွားတာကတော့ အိမ်ခြေ ၆အိမ်လောက်ရှိတယ်လို့ဆိုပါတယ်။

ဧရာဝတီမြစ်ရေကြီးမှုကြောင့် မလိယန်ပြည်သူတွေရဲ့နေအိမ်တွေထိခိုက်ပျက်စီးသွားတဲ့အပြင် ဒေသခံတွေမွေးမြူထားတဲ့ကြက်၊နွား တိရစ္ဆာန်တွေလည်း ရေစီးနဲ့အတူမျှောပါသေဆုံးသွားခဲ့တယ်လို့ မလိယန်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရေကြီးတာနဲ့ပက်သက်ပြီး လိုင်းပေါ်မှာ သတိပေးထားတာတွေတော့တွေ့ပေမယ့်လည်း ဒီလောက်ထိဆိုးလာမယ်လို့ မထင်ခဲ့ဘူးပေါ့ နောက်တော့မှ ကွန်ကရစ်လမ်းတွေပေါ် စက်လှေကြီးတွေနဲ့ သွားရတဲ့အထိဘဲ”လို့ ဆိုပါတယ်။

ရေကျသွားပြီးနောက် ထိခိုက်ပျက်စီးသွားတဲ့အိမ်တွေကို ကိုယ်ထူကိုယ်စနစ်နဲ့ ဒေသခံအချင်းချင်း ဝိုင်းဝန်းပြီးလုံးသန့်ရှင်းရေးလုပ်နေပြီး အိမ်မရှိတော့တဲ့မိသားစုတွေဟာ ရိုးရာယဉ်ကျေးမှုရုံးနဲ့ ဆွေမျိုးသားချင်းတွေရာနေအိမ်တွေမှာ ခိုလုံနေကြတယ်လို့ သိရပါတယ်။

ခုလို နေအိမ်တွေနဲ့ စိုက်ပျိုးမွေးမြူထားတဲ့ အသီးအနှံ၊ တိရစ္ဆာန်တွေ ဆုံးရှုံးထားတဲံ ဒေသခံတွေဟာအစားသောက်ကူညီတွေလိုအပ်နေသလို တစ်ဖက်မှာလည်း နေအိမ်မရှိတော့တဲ့သူတွေအတွက် သက်ဆိုင်တဲ့ အစိုးရတွေအနေနဲ့ ကူညီဖြေဖရှင်းပေးဖို့ကိုလည်း ဒေသခံတွေ လိုလားနေတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်း အနောက်တောင်မုတ်သံလေ ဝင်ရောက်လာခဲ့ပြီးနောက် ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၆ပေကျော်စံချိန်တင်မြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။

By Hope

Show More

Related Articles

Back to top button