သတင်း

မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ

မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့  အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

ဇူလိုင်လဆန်းပိုင်းကနေ တစ်ပတ်လောက်အကြာ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြစ်ကြီးနား– ဆွမ်ပရာဘွမ့်– ပူတာအိုအထိ ကားလမ်းပိုင်းမြေပြိုကျပျက်စီးမှုဟာ ပေ ၂၀၀ ဝန်းကျင်အထိရှည်လျားပြီး ပျက်စီးနေတာကြောင့် အတက်၊အဆင်း လုပ်နေတဲ့ ကုန်ကား ၈၀ ဝန်းကျင် ပိတ်မိနေတာ ခုဆိုရင်ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီလို့သိရပါတယ်။

လက်ရှိအများဆုံးမြေပြိုကျပျက်စီးသွားတဲ့နေရာတွေက မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်ကျေးရွာကတ္တရာလမ်းတစ်ကြောနဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုမြို့နယ်ထိစပ်တဲ့ လမ်းနေရာတွေမှာဖြစ်တယ်လို့ သိရပြီး လမ်းပျက်စီးမှုအများဆုံးဖြစ်နေတဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ KIO အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့အတူ လမ်းပြုပြင်ဆောင်ရွက်တာတွေလုပ်နေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ကုန်ကားတွေသွားလာနိုင်ဖို့ အချိန်ကြန့်ကြာနိုင်သေးတယ်လို့ တယန်ဇွပ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

လမ်းတွေက စတင်လုပ်ဆောင်လာတာတွေရှိနေပါတယ်။ လူနဲ့ လုပ်တဲ့နေရာမှလုပ် စက်နဲ့ လုပ်တဲ့နေရာမှာလုပ်။ အခုက မြစ်ကြီးနားနဲ့ တယန်ဇွပ်ကြားမှာ စလုပ်နေပါပြီ။ အဓိကတော့ လူအရင်သွားနိုင်ဖို့၊ ကုန်ကားတွေက ဘယ်လိုလဲတော့မသိဘူး။ အခုသူတို့ လုပ်နေတာက နှစ်ပတ်အတွင်းမှာ တယန်နဲ့ မြစ်ကြီးနားကို သွားနိုင်ဖို့က လုပ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မိုးက တိတ်လိုက် ပြန်ရွာလိုက်နဲ့ဆိုတော့ လုပ်တာ ထိရောက်ဖို့တော့ ကြိုးစားနေကြတာပဲလို့ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ပျက်စီးနေတဲ့နေရာတွေထဲက မြစ်ကြီးနားဘက်ခြမ်း တယန်ဇွပ်နေရာတွေကို စစ်ကောင်စီအဖွဲ့ လုပ်ဆောင်နေပြီး ဆွမ်ပရာဘွမ့်ဘက်ခြမ်းကို KIO အစိုးရအဖွဲ့တွေက တာဝန်ယူလုပ်ဆောင်နေတယ်လို့သိရပါတယ်။

မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတစ်ကြောမှာ ပြီးခဲ့တဲ့ ဇူလိုင်  ရက်နေ့စကပြီး ကားလမ်းပိုင်းပျက်စီးသွားတာကြောင့် ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူတစ်ချို့က ကုန်းလမ်းပျက်စီးနေတဲ့အတွက် တယန်ဇွပ်အထိရေကြောင်းနဲ့ သွားလာပြီးတော့ မြစ်ကြီးနားဘက်ကို ကား၊ ဆိုင်ကယ်တွေနဲ့ ခက်ခက်ခဲခဲထွက်လာရတယ်လို့ သိရပြီး ကုန်ကားတွေကတော့ ဒီနေ့ထိပိတ်မိနေဆဲဖြစ်တယ်လို့ တယန်ဇွပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တယန်ကနေ ပူတာအိုအထိ ကားအစီးရေဘယ်လောက်ရှိလဲတော့ မသိဘူး။ ဒါပေမယ့် မြစ်ကြီးနား – ပူတာအို လမ်းတစ်ကြော အားလုံးဆိုရင် ၈၀ လောက်တော့တယ်လို့ သွားလာတဲ့ သူတွေက ပြောနေကြတယ်။ လူလောက်ပဲ သွားလာလို့ရပေမယ့် ကုန်ကားနဲ့ ကားသမားတွေက လုံးဝသွားလာလို့မရတဲ့ အခြေအနေမှာပါ။ အခုပိတ်မိနေတဲ့ ကားသားတွေကလည်း အဆင်းအတက်အကုန်ဖြစ်သွားတာပေါ့လေလို့ပြောပါတယ်။

ဒါကြောင့် လက်ရှိ ကားလမ်းပိုင်းပျက်စီးသွားတဲ့အတွက် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်တစ်ကြောမှာရှိတဲ့ ပြည်သူတွေက စားသောက်ကုန်ပစ္စည်းတွေ သယ်ယူရခက်နေတဲ့အခြေအနေမှာ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်လာတဲ့အတွက် အစားအသောက်တွေကို ချွေတာစားသောက်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအတွင်း မလိခမြစ်ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းတစ်ကြောမှာရှိတဲ့ ဖုန်အိန်ယန်၊ အင်ဂျိပ့်၊ အင်ဆောပ့်၊ တယန်ဇွပ်၊ အင်ဒွပ့်ယန်၊ အင်ထန်းဇွပ် စတဲ့ ကျေးရွာတွေမှာ ကားလမ်းပိုင်းပျက်စီးတဲ့အပြင် ဒေသခံပြည်တွေက ရေဘေးအန္တရာယ်ကိုပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုလမ်းပိုင်း ရေကြီးရေလျှံဖြစ်ကြီး လမ်းပိုင်းပျက်စီးတာတွေ နှစ်စဉ်ကြုံတွေ့ရပေမယ့် ဒီနှစ်ရေဘေးအန္တရာယ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

ခုလို ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊တနိုင်း၊ချိီဖွေ၊ဆော့်လော်နဲ့ကမ်းဖန့်တို့မှာ  ဒီနှစ် ဇွန်လပိုင်းကစပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်လာတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေရာဒေသအနှံ့ လမ်း၊တံတားကျိုးပဲ့ပျက်စီးတာ၊ မြေပြိုကျတာတွေအပြင် စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတာဘဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button