တိုက်ပွဲသတင်း

အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေပြီး ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကိုသိမ်းပိုက်ရရှိထားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကတည်းကစလို့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့တွေ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ နဘားကာကင်းကိုလည်း သိမ်းပိုက်ရရှိထားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာလို့ပြောပါတယ်။

နောက်ဆုံးကျန်တဲ့တပ်စခန်းကတော့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေအထိုင်ချထားပြီး ဂျပန်လှိုဏ်ဂူ လို့ဒေသခံတွေခေါ်ကြတဲ့ တပ်စခန်းသာကျန်ရှိတော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အဲ့ဒီတပ်စခန်းဟာ အာဏာသိမ်းပြီးချိန်ကစလို့အထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီး မကြာခဏ မြစ်ကြီးနား– ရွှေဘို ကားလမ်းမပေါ်ကိုစစ်ကြောင်းထိုးရင်း အသွားအလာယာဥ်တွေကို စစ်ဆေးရေးတင်းကြပ်လေ့ရှိတာ ဖြစ်ပါတယ်။

တစ်ဖက်မှာ ကောလင်းခရိုင် ပင်လည်ဘူးမြို့မှာလည်း အင်းတော်မြို့နှင့်တစ်ပြိုင်တည်း မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့တော့အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိဘူးလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်ကပြောပါတယ်။

“ ကသာခရိုင်ထဲမှာတော့ အင်းတော်နဲ့ထီးချိုင့်ကတော့အသံထွက်နေတာပေါ့။ ကောလင်းခရိုင်ထဲမှာတော့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲလုပ်နေတာ ၁၅ ရက်နေ့ကတည်း ကစတာ ဒါပေမဲ့ မြို့တော့သိမ်းနိုင်ခြင်းမရှိသေးပါဘူး” လို့ပြောပါတယ်။

အခုလို မြစ်ကြီးနားရွှေဘို လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အဲ့ဒီလမ်းပိုင်းကို KIA နဲ့ PDF တွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကနေ အကန့်အသတ်မရှိပိတ်ဆို့လိုက်ပြီး ကုန်ကားအပါဝင် ခရီးသည်ယာဥ်နဲ့ ယာဥ်ပေါင်းရာနဲ့ချီပိတ်မိနေတယ်လို့ ပိတ်မိနေတဲ့ ကားသမားတွေဆီကသိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကိုင်း နဲ့ ကချင်အစပ်ဒေသမှာ အာဏာသိမ်းပြီးကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်တာတွေရှိတယ်လို့ ပြောပါတယ်။

လက်တလောကချင်အစပ်ဒေသ တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူပြောတာက

အဲ့ဒီဘက်ကို အတိအကျတော့မသိဘူး သတင်းအဆက်အသွယ်လည်း အခက်အခဲတွေရှိတယ်။ အင်းတော် ဘက်မှာလည်းတိုက်ပွဲတွေရှိမှာပါ။ ထီးချိုင့်တို့ရောပေါ့ စစ်ကိုင်းအစပ်ပေါ့လေ မနေ့ကတိုက်ပွဲရှိတယ် ဒီနေ့ တိုက်ပွဲရှိတယ်ဆိုတာတော့ မသိဘူး။ အဲ့ဘက်ကသတင်းအချက်အလက်တွေလည်းဘာမှမရဘူးလို့ပြောပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့ညနေပိုင်း  နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ် ဘက်က လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ဒေသတွင်းအခြေနေတွေကိုတင်ပြပေး နေတဲ့ Indaw Revolution IR က သတင်းထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာ တိုက်ပွဲစဖြစ်တဲ့ရက်ပိုင်းအတွင်း မြို့တွင်းဒေသခံတွေတိုက်ပွဲအတွင်းပိတ်မိတာရှိခဲ့ပေမဲ့ အခုတော့ ပိတ်မိနေသူတွေမရှိတော့ဘူးလို့ IR ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါပေမဲ့ ဖုန်းနဲ့အင်တာနက်လိုင်းပြတ်တောက်နေတဲ့ အင်းတော်မြို့တွင်းရဲ့ အခြေနေအသေးစိတ်နဲ့ တိုက်ပွဲ ကြောင့် ဒေသခံတွေဘယ်လိုအခြေနေကြုံနေရတယ်ဆိုတာကိုတော့ KNG က အတည်ပြုနိုင်ခြင်းမရှိသေး ပါဘူး။

စစ်ကိုင်းနဲ့ကချင်အစပ်ဒေသမှာရှိတဲ့ အင်းတော်မြို့ဟာ မြစ်ကြီးနားရွှေဘိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်အတွက်အဓိကဝင်ပေါက်မြို့ဖြစ်သလို စစ်ရေးအရအရေးပါသောဒေသဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုပါတယ်။

By – အမိုး

Show More

Related Articles

Back to top button