သတင်း

လူထုအတွက်လား၊ စစ်ကောင်စီ အာဏာတည်မြဲဖို့လား

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ စစ်ကောင်စီအောက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားချက်ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ကချင်ပြည်သူ လူထုအများပိုင်း အားပေးထောက်ခံခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People Party) KSPP ဟာ ပါတီ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီထံ ၂၀၂၃ ခုနှစ် မတ်လမှာ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နဲ့အညီ ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တာဝန်ရှိသူတွေထံ KNG သတင်းဌာနက ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ ဖုန်း၊အင်တာနက်အခက်ခဲကြောင့် လက်ရှိချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

ပါတီ ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် KSPP ပါတီမှတ်ပုံတင်မှုနှင့် စစ်ကောင်စီဘက်က ပြန်လည်ခွင့်ပြုလိုက်တဲ့ ဖြစ်စဉ်တွေအပေါ် ကချင်ပြည်နယ်က ဝါရင့်နိုင်ငံရေးသမားတစ်ဦးကတော့ သူ့ရဲ့ အမြင်ကို အခုလို ပြောဆိုပါတယ်။

ပါတီတည်ထောင်ခွင့်ရမှ လုပ်ပိုင်ခွင့်ရှိမယ်၊ မရှိဘူးဆိုတာ သူတို့ခံယူချက် ဖြစ်တယ်။ ဒါပေမဲ့ ဒီပါတီကို အများပြည်သူလူထု ဘယ်လောက်ထိ အားပေးထောက်ခံမလဲ ဆိုတာက လူထုနဲ့ပဲဆိုင်တဲ့ ကိစ္စဖြစ်တယ်။ KSPP နဲ့ စစ်ကောင်စီနဲ့လက်တွဲပြီး လုပ်ရအဆင်ပြေလို့ ခွင့်ပြုတာလို့ပဲမြင်ပါတယ်။ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာမသိတဲ့အချိန်ဖြစ်လို့ KSPP အနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်တာဖြစ်နိုင်သလိုပါတီဆက်လက်ရှင်သန်နေရေးအတွက် မှတ်ပုံတင်တာလည်းဖြစ်နိုင်တယ်။ အခုချိန်မှာက မှတ်ပုံတင်တာ၊ မတင်တာအဓိက မဟုတ်ဘူးလို့မြင်တယ်။” လို့ ကချင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထံ မှတ်ပုံတင်ခဲ့တဲ့ ကချင်ပါတီ ၄ ခုရှိတဲ့အနက် ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ကိုတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ () ပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်ဟုဆိုကာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ ပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP) ၊ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ) (L.N.D.P) နဲ့ဒီမိုကရေစီပါတီသစ် (ကချင်) NDP(K) စတဲ့ ကချင်ပါတီ ၃ ခုကိုတော့ စစ်ကောင်စီက ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး နောက်ထပ်ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

ဒီအချိန်မှာ ကျနော်တို့ဟာ တစ်ခုတည်းပဲ ရှင်းရှင်းလင်းလင်း မားမားမတ်မတ်ရပ်တည်ရမယ်။ ဘယ်သူမှဒီစစ်ကောင်စီကို အသိအမှတ်မပြု နေတဲ့အချိန် KSPP ရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေက သိက္ခာ လုံး၀မရှိဘူးလို့မြင်နေရတယ်။ ပြီးတော့ KSPP ဟာ လက်ရှိချိန်ထိ ရဲရဲဝံ့ဝံ့ဆုံးဖြတ်နိုင်စွမ်း မရှိဘူးလို့ တွေ့မြင်နေရတယ်။လို့ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

အဲဒါအပြင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကချင်တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကလည်း “ဒီအချိန်ဟာနိုင်ငံရေးပါတီတွေရဲ့ အချိန်မဟုတ်သေးဘူး လို့ မြင်တယ်။ ပြီးတော့ KSPP အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းဟာ ပြည်သူလူထုရဲ့ အားပေးထောက်ခံခဲ့မှုကို ရိုက်ချိုးလိုက်တာပဲ။ ဒီအချိန်မှာ စစ်ကောင်စီထံမှတ်ပုံမတင်ပဲ ပြည်သူနဲ့ရပ်တည်တဲ့ပါတီတွေလည်း ရှိတယ်။ စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ပြန်လုပ်မယ်လို့ပြောထားပြီးသားဖြစ်တာကြောင့် ဖြစ်မြောက်အောင် သူကြိုးစား လိမ့်မယ်။ ရွေးကောက်ဖြစ်မြောက်မယ် မဖြစ်မြောက်ဘူးဆိုတာက ပြည်သူတွေအပေါ်မှာပဲ မူတည်တာဖြစ်တယ်။ မဖြစ်မြောက်အောင်လည်း တွန်းလှန်ရမလို ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ အားလုံး ကြိုးစားနေတာဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပါတီတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေမှုအပေါ် လူမျိုးစုတွေကြား နောက်နောင် စည်းလုံးညီညွတ်ရေးမှာ ပိုမိုထိခိုက်လာနိုင်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင်လူငယ်အမျိုးသမီးတစ်ဦးကလည်း အခုလို ပြောဆိုပါတယ်။

ကျမတို့ ကချင်ပြည်နယ်က အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ခံယူချက်အမျိုးမျိုးရှိတယ်။ လက်နက်တော်လှန်ရေးကိုအားပေးထောက်ခံတဲ့ လူတွေရှိသလို လက်နက်ကိုင်တော်လှန်ရေးနဲ့မဟုတ်ပဲ ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာပါဝင်တာကိုနိုင်ငံရေးလို့ခံယူထားတာလည်း ဖြစ်နိုင်တယ်။ တစ်ဖက်မှာ ဒီလိုပါတီနိုင်ငံရေးနဲ့ စစ်ကောင်စီအောက် ရွေးကောက်ပွဲဝင်ပြီးလုပ်ဆောင်ရင် နောက်ပိုင်း ပိုရှုပ်ထွေးလာလိမ့်မယ်။ ဘာလို့ဆို ပြည်သူလူထုအားလုံး လက်နက်ကိုင်တော်လှန်ရေးမှာ အားလုံးပါဝင်အားဖြည့်မှရတော့မယ်လို့ ကြိုးစားနေတဲ့အချိန် တစ်ဖက်မှာ နိုင်ငံရေးပါတီတွေက ဟိုမရောက် ဒီမရောက်ဆော့ချင်သလိုဆော့နေရင် ပြဿနာကတော့ ပိုများလာလိမ့်မယ်လို့မြင်တယ်။ ပြောချင်တာက အဲဒီလိုနိုင်ခဲ့ရင်တောင် သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်ရှိမှာမဟုတ်ဘူး သူတို့ရဲ့ အခွင့်အာဏာအားလုံးက စစ်ကောင်စီလက်ထဲမှာပဲလို့ ပြောချင်ပါတယ်။ဒါကြောင့် ဒါဟာ အဖြေမဟုတ်ဘူးလို့ပြောချင်တယ်။” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးလူငယ်တစ်ဦးကပြောပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပဲမှာ မဲဆန္ဒနယ် ၇၀ နဲ့ ကချင်ပြည်နယ်အတွင်းကိုယ်စားလှယ်လောင်း ၆၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်သုံးခုမှာ ကိုယ်စားလှယ်လောင်း ၄ ဦးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပါတီတွေ တကွဲတပြားစီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရလို့၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီစုပေါင်းရေးကြိုပမ်းခဲ့ကြပြီး ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR နဲ့ ဘာသာရေးခေါင်းဆောင်၊ အရပ်ဖက်အဖွဲ့အစည်းများက ကြားဝင်ညှိပေးခဲ့တယ်။

အဲဒီမှာ ဦးအောင်ခမ်းဦးဆောင်တဲ့ ကချင်ဒီမိုကရက်တစ် ( KDP) ပါတီ၊ဒေါက်တာမနမ်တူးဂျာဦးဆောင်တဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဦးခက်ထိန်နန် နဲ့ ဒေါ်ဒွဲဘူဦးဆောင်တဲ့ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (UDPKS ) ပါတီတို့ စုဖွဲ့ခဲ့ကြပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ KSPP ပါတီအနေနဲ့ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် စစ်တပ်ကာအာဏာသိမ်းလိုက်တဲ့နတော့ ဦးအောင်ခမ်းက KSPPပါတီကနေ နုတ်ထွက်သွားပါတယ်။

လက်ရှိ KSPP ပါတီဥက္ကဌ ဒေါက်တာမနမ်တူးဂျာဟာ လွန်ခဲ့တဲ့ ၂၀၀၉ မတိုင်မီ ရှေ့ပိုင်းကာလမှာကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဒုဥက္ကဌအဖြစ် ဆယ်စုနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို ၂၀၁၆ ခုနှစ်စတင်လာတဲ့ UPDJC( ပြည်ထောင်စုငြိမ်းချမ်းရေဆွေးနွေးမှုပူးတွဲကော်မတီ))အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

အဲဒါအပြင် ( Kachin State People’s Party(KSPP) ရဲ့ ဒုတိယ ဥက္ကဌနေရာမှာ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ဒေါ်ဒွဲဘူဟာ လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။

အလားတူ လက်ရှိ ကချင်ပြည်နယ်ရဲ့ စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးခက်ထိန်နန်ကလည်း ယခင်ကချင်ပါတီမ ပူးပေါင်းခင်က စည်းလုံးညီညွတ်ရေးပါတီနဲ့ ဖွံ့ဖြိုးရေးပါတီ (UDPKS ) ပါတီဥက္ကဌဖြစ်ပါတယ်။

ကချင်ပြည်သူလူထု အများပိုင်းအားပေးထောက်ခံခြင်းခံခဲ့ရတဲ့ ပါတီကြီးတစ်ခုအနေနဲ့ စစ်တပ်အာဏာသိမ်းနောက် အခုလို စစ်ကောင်စီရဲ့ လက်အောက်မှာ မှတ်ပုံတင်ကာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထဲ ဝင်ရောက်နေမှုအပေါ် ကချင်ပြည်သူလူထုတွေကြား ဝေဖန်ပြောဆိုမှု များစွာရှိနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button