မိုးညှင်းမှာ လူငယ် ၅၀ ဦးဝန်းကျင် ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းမြို့ တက္ကသိုလ်ကျောင်းအနီး လူငယ် ၅၀ ဦးခန့် ဖမ်းဆီးခံရတယ်လို့ မိုးညှင်းဒေသခံ တွေပြောပါတယ်။
ဧပြီလ ၂ ရက်နေ့၊ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင် ရှမ်းနီအမျိုးသားများတပ်မတော်( SNA) တပ်နဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့က မိုးညှင်းမြို့တက္ကသိုလ်ကျောင်းလမ်းပေါ် ရှိကွမ်းယာဆိုင်က ဆိုင်ရှင်အမျိူးသားတစ်ဦးအပါအဝင် တက္ကသိုလ်ကျောင်းအနီး ရွာသစ်ကုန်းရွာ၊ ဖူဆယ်ကွင်းမှာ ဘောလုံးကစားနေတဲ့လူငယ်တွေ၊ နောင်စွန်းရပ်ကွက်၊အရှေ့စုရပ်ကွက်က လူငယ်အများအပြား ဖမ်းဆီးခံရတယ်လို့ မိုးညှင်းမြို့ ဒေသခံအမျိုးသာတစ်ဦး KNG ကို ပြောပါတယ်။
“ဘောစိလက်ဖက်ရည်ဆိုင်အနီးက ကွမ်းယာဆိုင်ပိုင်ရှင်ကောင်လေးလဲပါသွားတယ်။တက္ကသိုလ်ကျောင်းလမ်းတစ်ဝိုက်မှာ ၂ ရက်ရှိပီဆွဲနေတာ။ ဘိလိယက်ခုံကဆိုရင် ဆိုင်ရှင်ကောအထဲမှာရှိနေတဲ့လူတွေပါဆွဲခေါ်တယ်လို့ သိရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့SNA ပူးပေါင်းတပ်ဟာ မိုးညှင်းမြို့တွင်း၊မြို့ပြင် နေရာတစ်ချို့မှာ ခုလိုရှောင်တခင်ဝင်ဖမ်းဆီးတာရှိပေမယ့် ဒီတစ်ကြိမ်ဖမ်းဆီးခံရမှု (၂) ရက်အတွင်း ၅၀ ဦးဝန်းကျင်ရှိနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။
ဒါ့အပြင် SNA တပ်နဲ့နီးစပ်သူပြောပြချက်အရ ဒီရက်ပိုင်းဖမ်းဆီးရမိသူ တွေကို စစ်သင်တန်းပို့ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
မိုးညှင်းမြို့ထဲမှာ ခုလိုလူငယ်တွေကို SNA ပူးပေါင်းတပ်က မကြာခနလိုက်လံဖမ်းဆီးနေတာကြောင့် လူငယ်တွေသွားလာရေးပိုခက်ခဲလာသလို တစ်ဖက်မှာ ပြည်သူတွေလည်း ကြောက်လန့်နေရတယ်လို့ မိုးညှင်းမြို့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“ရှမ်းနီလူသစ်စုဆောင်းလို့မိုးညှင်းမြို့ခံတွေ ကြောက်လန့်နေရတယ်။ ပြီးတော့ လူငယ်တွေဆိုလည်း ဘယ်မှသွားမရ ကြောက်နေရတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ထဲမှာ အိမ်ထောင်သည် လူလတ်ပိုင်းလည်းပါဝင်ပြီး အသက် ၃၀ ဝန်းကျင် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့ဟာ မြစ်ကြီးနား– မန္တလေး ပြည်ထောင်စုလမ်းမ ပေါ်မှာတည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး မိုးညှင်းမြို့နယ်၊ မိုးကောင်းမြိုနယ်၊ဖားကန့်မြို့နယ်ပါဝင်သလို ဒီနေရာတွေမှာ SNAပူးပေါင်းတပ်၊ KPDF တပ်တို့အဓိက စစ်ရေးလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် လက်ကိုင်နှစ်ဖက်တပ်ဘက်က တပ်သားစုဆောင်းတာတွေ မကြာခနကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက်ရှိ တက္တသိုလ်လမ်းပေါ်က ဘိလီယက်ဆိုင်ရယ် ဖူဆယ်ကွင်းရယ် နောင်စွန်းရပ်ကွက် အရှေ့စုရပ်ကွက်က လူငယ်အများအပြား ခေါ်ဆောင်သွားတယ်လို့ သိရတယ်။
By – Zami