
အာဏာသိမ်းစစ်တပ်က ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ လေကြောင်းအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။
အပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ဒီကနေ့ ၃ ရက်နေ့အထိ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကိုပြောပါတယ်။
“ဒီမနက် ၆ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်နေတဲ့ အင်းတော်မှာ လေကြောင်းနဲ့ လာပစ်တယ်။ ဗန်းမော်မှာလည်း မနေ့ညအထိ ဗုံးကြဲနေသလို ဒီကနေ့ မနက်ပိုင်းမှာလည်း လာပစ်တယ်။ ဒါပြီးရင် ဝိုင်းမော် လမြန်မှာလည်း မြေပြင်ကနေ ထိုးစစ်ဝင်လာတဲ့အတွက် ခုခံတိုက်ပွဲတွေဖြစ်နေတယ်”လို့ ပြောပါတယ်။
ဒီကနေ့ တစ်ရက်ထဲမှာပဲ ကချင်ပြည်နယ်ရဲ့ ၃ နေရာမှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်လုပ်ငန်းတွေအတွက် ထိုးစစ်တွေရပ်မည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
တစ်ဖက်မှာ KIO/KIA ကလည်း စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်အပေါ် တုန့်ပြန်တဲ့အနေနဲ့ ရက် ၂၀ အကြာ ထိုးစစ်တိုက်ခိုက်တာတွေ ရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ လက်မခံနိုင်ငံတဲ့ စစ်ရေးချိုးဖောက်မှုတွေဖြစ်ပေါ်လာပါက တန်ပြန်တိုက်ခိုက်သွားမယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်ရဲ့ စာပိုဒ်(၄)မှာ ဖော်ပြထားပေမယ့် လက်ရှိမှာ စစ်တပ်ကသာ စစ်ရေးချိုးဖောက်နေတာ မြင်တွေ့နေရပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်က အပစ်ခတ်ရပ်ဖို့ ထုတ်ပြန်ကြေညာတဲ့အပေါ်မှာ လိုက်နာမှုမရှိဘဲ ချိုးဖောက်နေတဲ့အတွက် ခုခံတိုက်ပွဲ ဖော်ဆောင်နေရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
“အပစ်ခတ်ရပ်စဲရေးက KIO/KIA ကနေ အရင်ထုတ်ပြန်ပြောဆိုတာမဟုတ်ဘူး။ စစ်တပ်ဘက်ကနေ အရင်ပြောတာဖြစ်တဲ့အတွက် တုန့်ပြန်တဲ့သဘောနဲ့ သူတို့သတ်မှတ်ထားတဲ့ ရက်အတိုင်း ယာယီပစ်ခတ်မှုရပ်ဖို့ ပြန်ပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ဘက်ကတောင် ဆက်ပြီး ပစ်ခတ်နေတဲ့အတွက် ပြန်ပစ်ရမှာပဲ။ KIA ကနေ ထိုးစစ်တိုက်ခိုက်နေတာမဟုတ်ဘူး။ သူတို့ဝင်လာလို့ ကျနော်တို့ကပစ်တာ”လို့ပြောပါတယ်။
ယာယီအပစ်ခတ်ရပ်မယ်လို့ KIO/KIA ရဲ့ ထုတ်ပြန်ချက်ဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးထုတ်ပြန်ချက်ကို တုန့်ပြန်တဲ့အနေနဲ့သာ ပြန်လည်ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် KIO/KIA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ‘တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အပိုဒ်(၄)ပါ အကြောင်းအရာတွေကို တိုင်းရင်သားတော်လှန်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန်လိုအပ်ပေသည်’လို့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်တိုက်ခိုက်တာတွေ ရပ်မယ်လို့ ထုတ်ပြန်ကြညာလိုက်တဲ့ နောက်တစ်ရက်မှာပဲ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် တိုက်ပွဲတွေမရပ်ကြောင်း KIO ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်လည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသိပေးထားပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)