သတင်း

ပူတာအိုမှာ ဆားတစ်ထုပ် ကျပ် ၅၀၀၀ ပေးဝယ်နေရတဲ့အထိ ကုန်စျေးနှုန်းဆက်မြင့်တက်

ကချင်ပြည်နယ် ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ လေကြောင်းလိုင်းတစ်ခုတည်းနဲ့တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှန်းဆက်ပြီးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီကနေ့ထိ ကားလမ်းပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို လေကြောင်းလိုင်းကနေ သယ်ယူနေရတာကြောင့် ကုန်ဈေးတွေဆက်ပြီးမြင့်တက်နေတာလို့ ‌ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။

“ကားလမ်းက ခုနှစ်လပိုင်း ရှစ်ရက်နေ့လောက်ကတည်းက ပြင်နေပြီလို့ပြောတာအခုထိတော့ကားတွေကိုရောက်မလာသေးဘူး ကားမလာတော့လေယာဉ်နဲ့ပဲတင်ကြတယ်။ ဒါတောင်စိတ်ကြိုက်တင်လို့မရဘူးနည်းနည်းဘဲတင်လို့ရတယ်။ ကုန်ဈေးကတော့လေယာဉ်နဲ့ဆိုတော့သိတဲ့အတိုင် ခေါက်ဆွဲခြောက်တစ်ထုပ် ၂ဝဝဝ တဲ့ လက်ဖက်ထုပ်ယုဇနလည်း ၂ဝဝဝ ထုပ်သေးတစ်ထုပ်ကို ‌အဲ့လောက်ထိတက်တယ်။” လို့ အသက် ၃ဝ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိပူတာအိုမြို့ပေါ််မှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကျပ် ၂ဝဝဝ၊ ဆားဆီတစ်ပိသာ ကျပ် ၄ဝဝဝဝ၊ ဆားတစ်ထုပ် ကျပ် ၅ဝဝဝ၊ ရွှေဝါဆပ်ပြာခဲ တစ်ခဲကျပ် ၃ဝဝဝ အထိဈေးတက်နေပြီးအခြားကုန်တွေလည်း အလားတူဈေးမြင့်တက်နေတယ်လို့သိရပါတယ်။

လူသုံးကုန်၊စားသောက်ကုန်တွေကို မြစ်ကြီးနားလေဆိပ်ကနေ ပူတာအိုလေဆိပ်အထိ တစ်ကီလိုကျပ် ၁၈ဝဝဝ ပေးပြီး စိတ်ကြိုက်တင်လို့ရပေမယ့် ဆန်တင်ရတာအခက်အခဲရှိနေတဲ့အတွက် ပူတာအိုမြို့ပေါ််မှာ ဆန်ဈေးကြီး ဝယ်ယူဖို့ခက်ခဲတဲ့အထိဖြစ်နေတယ်လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ထပ်ပြောပါတယ်။

“ဆန်ကတော့လေယာဉ်နဲ့ဘယ်သူမှမတင်ကြဘူး တစ်ကီလို ၁၈ဝဝဝ ဆိုတော့မလွယ်ဘူးလေ အဲ့ကြောင့်အခုလောလောဆယ်အောက်ပိုင်းဆန်ကမရှိဘူး ဒေသဆန်ပဲရှိတယ် ဒေသဆန်က တစ်သောင်းဖိုးဆို ခြောက်ခွက်အထိပဲရတယ် အိတ်လိုက်တော့ဝယ်ဖို့ခက်တယ်”လို့ သူကဆက်ပြောပါတယ်။

ပူတာအိုဒေသမှာ ကားလမ်းမြေပြိုမှုမဖြစ်မှီ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လကြား စစ်ရေးအခြေအနေကြောင့် ပူတာအို- မြစ်ကြီးနားလမ်းပိတ်လိုက်တဲ့အတွက် ကုန်ဈေးစပြီးမြင့်တက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ရေးပြင်းထန်တဲ့ မတ်လနဲ့ဇွန်လကြားမှာ  ကုန်ကားတွေအဝင်မရှိတော့ဘဲ လုပ်ငန်းရှင်တစ်ချို့ မန္တလေးကနေ မြစ်ကြီးနားအထိ လေယာဉ်စင်းလုံးငှားပြီး အခြေခံစားသောက်ကုန်တွေတင်သွင်းနိုင်ခဲ့တာကြောင့် ကုန်စျေးနှုန်းအနည်းငယ်ကျဆင်းသွားတယ်လို့သိရပါတယ်။

မတ်လနဲ့ ဇွန်လကြား လုပ်ငန်းရှင်တွေဟာ လေယာဉ်တစ်စီး မန္တလေး- ပူတာအို တစ်ကျော့ကို ကျပ်သိန်း ၃ဝဝ နဲ့ကုန်တင်လို့ရခဲ့ပေမယ့် ကားလမ်းမြေပြိုတဲ့နောက်ပိုင်းမှာတော့ လေယာဉ်စင်းလုံးဌားခတစ်ကျော့မှာ ကျပ်သိန်း ၅ဝဝ အထိ စျေးတက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေအခက်အခဲဖြစ်သွားပြီး  ကုန်ဈေးပိုမြင့်တက်လာတာလို့ သိရပါတယ်။

ကားလမ်းပိုင်းဆိုးဆိဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့မြစ်ကြီးနားလမ်းပိုင်းက တီယန်ဇွပ်နဲ့အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး လက်ရှိပြုပြင်နေဆဲဖြစ်တယ်လို သိရပါတယ်။

ကားသမားတွေပြောဆိုချက်အရ ကုန်ကားအသေးတွေ ဒီလ ၂ဝ ကျော်မှာဖြတ်သန်းလို့ရမယ်လို့ဆိုပေမယ့် မနေ့ကထိတော့ကားတွေရောက်မလာသေးဘူးလို့သိရပါတယ်။

ပူတာအိုမြို့ဟာ ကချင်ပြည်နယ်အထက်ပိုင်း တောင်ပေါ်မြို့ဖြစ်ပြီး ဒေသခံတွေအားလုံးနီးပါး တောင်ယာ၊လယ်ယာအဓိက စိုက်ပျိုးကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး စက်သုံးဆီအခက်ခဲကြောင့် လယ်ယာလုပ်ကိုင်သူတွေအများပိုင်း ခက်ခဲသွားကြပြီး ခက်ခက်ခဲခဲနဲ့စိုက်ပျိုးထားတဲ့လယ်ယာတွေလည်း မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် လယ်ဧကများစွာပျက်စီးသွားပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button