ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ

တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။

ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာအားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တစ်ချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး။ လမ်းပေါ်တွေမှာ အများကြီးပုပ်ပွနေတာ ဘယ်လိုမှ ကောက်လို့မရသေးဘူးလို့ပြောပါတယ်။

သေဆုံးနေတဲ့ရုပ်အလောင်းတွေဟာ လမ်းပေါ်မှာပုပ်ပွနေပြီး ကောက်လို့မရတဲ့အပြင် နေအိမ်တွေလည်း ဆက်တိုက်မီးရှို့ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဆိုင်းတောင်ကျေးရွာထဲမှာ ရုပ်အလောင်း  ၃၀ ထက်မနည်းသေဆုံးနေပြိီး သေဆုံးတဲ့ထဲမှာ အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်ပူးပေါင်းပြီးတော့ လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပြီး Lucky Man Hotel ရှိတဲ့ ရပ်ကွက်  မှာ နေအိမ် ၄၀၀ ဝန်းကျင်အများဆုံးမီးရှို့ခံရတယ်လို့ သူကဆက်ပြောတယ်။

စက်တင်ဘာ  ရက်နေ့ တိုက်ပွဲစတင်လာတဲ့နောက်  ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲဟာပိုပြီးပြင်းထန်လာသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေပါတယ်။

နေအိမ်တွေ မီးလောင်တာ ခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက်()နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်လို့ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း  နာရီဝန်းကျင်လောက်မျာလည်း ဆိုင်းတောင် ယူမာကျေးရွာဘက်မှာ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးနေတယ်လို့ သူကဆက်ပြောပါတယ်။

ဆိုင်းတောင်ကျေးရွာထဲက နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီး အများဆုံး ဖားပြင်ကျေးရွာဘက်က အဆိုးရွာဆုံးဖြစ်တယ်လို့ သိရပါတယ်။

Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်တွေ လမ်းကြောင်း ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တစ်ဖက်မှာ စစ်တပ်က နေအိမ် မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပြပါတယ်။

ဖားကန့် ဆိုင်းတောင်ကျေးရွာထဲမှာ အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့ခံရမှု အလွန်များနေပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button