သတင်း

ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။လို့ပြောပါတယ်။

ဒါပေမဲ့ စစ်သင်္ဘော  စီးထဲက သံခွန်ယာဥ်အသေးစား  စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်လို့ပြောပါတယ်။

တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။

 By – အမိုး

Show More

Related Articles

Back to top button