ဗန်းမော်မှာ ဖုန်းအသုံးပြုသူတွေ မသင်္ကာမှုနဲ့ စစ်ဆေးခံရတာတွေရှိနေ
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဖုန်းအသုံးပြုတဲ့ဒေသခံတွေကို မသင်္ကာလို့ဆိုကာ စစ်ဆေးတာမျိုးတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံလုံခြုံရေးတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ပေါ်အတွင်း ကင်းပတ်လေ့ရှိပြီး ဒေသခံတွေအများအပြားသွားလာတတ်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဗန်းမော်ဒေသခံ တစ်ယောက်ကပြောပါတယ်။
“အရင်က အင်တာနက်မဖြတ်ခင်ကတော့ VPN လောက်ပဲစစ်တာ။ အခုက အင်တာနက်ပြတ်သွားတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖုန်းသုံးတာတို့ဆို မသင်္ကာလို့ဆိုပြီးစစ်ဆေးတာမျိုးပေါ့။ တပ်ဘက်ကလူတွေက လက်ဖက်ရည်ဆိုင်တို့ လူများတဲ့နေရာတွေမှာ နေရာဝင်ယူထားတယ်။ စစ်ဆေးခံရ တာတွေလည်း များတယ်။ အဓိကစစ်ဆေးတာကတော့ ပုံတွေနဲ့ We Chat တွေကိုစစ်တယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖုန်းနဲ့အင်တာနက်လိုင်းမဖြတ်ခင်ကာလတွေမှာ လူငယ်တွေနဲ့ သက်လတ်ပိုင်း အမျိုးသားတွေကိုသာ ရှောင်တခင်စစ်ဆေးလေ့ရှိတာဖြစ်ပြီး အင်တာနက်ဖြတ်ပြီးကာလတွေမှာတော့ အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေးစစ်ဆေးတာတွေလုပ်နေတယ်လို့ ပြောပါတယ်။
မြို့တွင်းစစ်ဆေးတာတွေလုပ်တဲ့အခါမှာလည်း အရပ်ဝတ်နဲ့လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့နဲ့ စရဖ( စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ) တွေပူးပေါင်းပြီး စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်တစ်ဝှမ်းမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာ ဒီနေ့ဆိုရင် ၃ လပြည့်ပြီ ဖြစ်ပြီး ဗန်းမော်မြို့နယ်အတွင်းမှာ အော်ရီဒူးအင်တာနက်လိုင်းတော့ တစ်ခါတစ်ရံ ရတတ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။
“ဆက်သွယ်ရေးကတော့တော်တော်လေးခက်တာပေါ့။ သူတို့က သမင်သကာကိုဖြတ်ထားတာ။ အော်ရီဒူးဆို လိုင်းပြန်ရရင်တောင် တိုက်ပွဲဖြစ်တဲ့အခြေနေပေါ်မူတည်ပြီးဖြတ်တယ်။ လောလောဆယ်တော့ အော်ရီဒူး ပြန်ရတယ်။ မနက်ခင်းပိုင်းနဲ့ ညပိုင်းကိုအချိန်အကန့်အသတ်နဲ့ပေးတယ်။ အင်တာနက်ကတော့လုံးဝမရ ဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြို့တော်မြစ်ကြီးနားမြို့မှာတော့ အင်တာနက်လိုင်းအသုံးပြု ဖို့ အခကြေးငွေပေးပြီးအသုံးပြုလို့ရတဲ့ဆိုင်တွေအများအပြားရှိလာပြီဖြစ်ပေမဲ့ ဗန်းမော်မြို့ပေါ်မှာတော့ အင်တာနက်အသုံးပြုနိုင်တဲ့နေရာတွေမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
အခုလို ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံရထားရတာ ၃ လကြာရှိလာတဲ့အခြေနေနဲ့ပတ်သက်လို့လည်း KNG က စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဆက်သွယ်ခဲ့ပေမဲ့ဖုန်းစက်ပိတ်ထားပါတယ်။
By – အမိုး