လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မြန်မာနိုင်ငံနိုင်ငံတစ်ဝှမ်းမှာ သုံးလအတွင်း အရပ်သားတစ်ထောင်ကျော်သေဆုံးခဲ့ရ

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလအတွင်း အရပ်သား ၁၀၄၄ ဦး သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၂ ရက်နေ့ မနေ့ကပဲ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အဲ့ဒီ  လအတွင်း အရပ်သား ၁၃၈၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တဲ့ အရပ်သားတစ်ထောင် ကျော်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက အရပ်သားသေဆုံးမှုအများဆုံနဲ့ ၃၆၀ ဦး အထိသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

သုံးလအတွင်း အရပ်သားသေဆုံးတာအများဆုံးဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့အတော်များများကို စစ်ကောင်စီလက်ထဲကနေ မြောက်ပိုင်းညီနောင်  ဖွဲ့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တို့က သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့လည်း လက်ရှိအခြေနေအရ စစ်ကောင်စီက မြို့အတော်များများကိုလက်လွှတ်လိုက်ရပေမဲ့ ရှမ်းမြောက်ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေအကြား စိုးရိမ်မှုတွေနဲ့သာနေနေရတယ်လို့ဆိုပါတယ်။

အဓိက လုံခြုံမှုနည်းနည်းမှမရှိတာက လေကြောင်းတိုက်တဲ့အခြေနေပါ။ လေကြောင်းတိုက်ခိုက်တာ ကြောင့် အသက်ဆုံးရှုံးတာ၊ လက်နက်ကြီးကြောင့် သေဆုံးတာက အင်မတန်ဆုံးရှုံးမှုကြီးမားတဲ့အနေအထား ပါ။ ဒုတိယတစ်ချက်က ဘယ်နေ့ဘယ်အချိန်မှာ အပြောင်းအလဲပြန်လာမယ်ဆိုတာ အာမခံချက်မရှိတော့ အကုန်လုံးက ကျီးလန့်စာစား ရင်းနဲ့ပဲ သွားရင်းလာရင်းနဲ့ပဲဒီအနေအထားရှိပါတယ်။
လို့ ရှမ်းမြောက်ဒေသခံတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာ ဒေသခံတွေဟာ မိမိလုံခြုံရေးအတွက် ကိုယ်တိုင်သာဖြေရှင်းနေကြရတဲ့အပြင် လုံခြုံမှုမရှိပေမဲ့ လည်း ဘေးကင်းရာနေရာတွေမှာရွှေ့ပြောင်းနေထိုင်နိုင်ခြင်းမရှိကြဘူးလို့သိရပါတယ်။

ဒါ့အပြင် မြို့တွေကိုသိမ်းပိုက်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့လည်း အရပ်သားတွေ အများအပြားနေထိုင်ရာဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေလုပ်တဲ့အခါ သိုသိုသိပ်သိပ် သွားလာသင့်တယ် လို့ ဒေသခံတွေကထောက်ပြကြပါတယ်။

လက်နက်ကိုင်ပြီးတော့ ဝတ်စုံနဲ့မြို့ထဲမှာဒီတိုင်းတရုန်းရုန်းဖြစ်နေတာက လုံခြုံမှုမရှိဘူးပေါ့ အဲ့တာကို တော့မဖြစ်ခိုင်းစေချင်ဘူးပေါ့ လုံလုံခြုံခြုံနဲ့လှုပ်ရှားတာကပိုပြီးအဆင်ပြေမယ်ထင်တယ်။ မြင်သာထင်သာ နဲ့လှုပ်ရှားတာကအားလုံးအတွက်အဆင်မပြေဘူးပေါ့လို့ပြောပါတယ်။

တစ်ဖက်မှာ တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းမှာ အရပ်သား ၂၀၀ ကျော်၊ စစ်ကိုင်းတိုင်း မှာ အရပ်သား ၁၈၀ ကျော် နဲ့ မကွေးတိုင်းတို့မှာ အရပ်သား ၃၀ ကျော်အထိသေဆုံးခဲ့ရတယ်လို့ ဥာဏ်လင်း သစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုင်ငံတစ်ဝှမ်းမှာတော့ ဒီ  လအတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပေါင်း ၂ထောင်ကျော်ဖြစ်ပွားခဲ့ပြီး ကချင်၊ ရှမ်းမြောက် ကမြို့တွေအပါအဝင် မြို့ပေါင်း ၁၂ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button