မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ
ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။
“ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။
“လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး 92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။
မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။
သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။
အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။
လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။
By – Zaw Zaw