ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄ ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။
မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ရေမဆေးသမားတွေကညဘက်ပဲထွက်ရှာတာများတယ် တချို့လူသစ်တွေဆိုမသိကြဘူးလေး ဟိုနေ့ညလည်းရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ။ ဖမ်းသွားတယ်ပြန်တော့လွတ်တယ် ဒါပေမယ့်သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့သိမ်းသွားတယ်တဲ့”လို့ သူကပြောပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆နာရီနဲ့ ည ၆ နာရီအထိသာဖွင့်တာဖြစ်ပြီး အခုလိုအချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့အများပြည်သူညဘက်သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့နီးစပ်တဲ့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မျောက်ကုန်းဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်ဖြင့် လမ်းသွားလမ်းလာပြည်သူတွေကို မကြာခန ဖမ်းဆီးပြီး ငွေညစ်နေတာလည်းဖြစ်ပါတယ်။
“ကျန်တဲ့နေရာမှာမရှိတော့ဘူး ဖားကန့်အနီးတဝိုက် အဲ့ဂိတ် ၄ ခုပဲရှိတော့တယ် အစစ်အဆေးကတော့မထင်ရင်မထင်သလိုကြမ်းတယ်။ တခါတလေ မူးမူးရူးရူးနဲ့ဆင်းလာပြီးမှရစ်တာ စစ်တာမဟုတ်ပဲရစ်တာကပိုဆိုးတယ်ဗျ ဂိတ်ကလေးညခြောက်နာရီနောက်ပိုင်းဆိုဖြတ်မရတော့ သွားချင်လာချင်လဲသွားလာလို့မရဘူးပေါ့ဗျာ”လို့ အသက် ၃၀ ကျော်အရွယ် ဖားကန့်မြိုခံအမျိုးသားတစ်ဦး ကပြောပါတယ်။
စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ဖားကန့်မြို့အလွန် မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး မြို့အဝင်အ ထွက်တွေကို အဲ့ဒီစစ်ဆေးရေးဂိတ်တွေကနေတင်းကြပ်နေတာလို့ သိရပါတယ်။
ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် အင်အား ၃၀ နဲ့၅၀ ဝန်းအမြဲဂိတ်ထိုင်တယ်လို့သိရပြီး ဖားကန့်ကန့်ဗျူဟာကုန်းကစစ်သားတွေနဲ့တပ်အင်အားအမြဲအပြောင်းအလှဲလုပ်တယ်လို့ ဆိုရပါတယ်။
ဖားကန့်မှာ ၂၀၂၄ ခုနှစ်KIA၊KPDFပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိုင်ထားတဲ့ကျေးရွာတွေဖြစ်တဲ့ တာမခံ၊နန့်ယား၊ဆယ်ဇင်း၊ဆိုင်းတောင်၊ဝှေခါ အစရှိကျေးရွာတွေနဲ့ ရှေ့တန်းစခန်းအမြောက်အများကိုသိမ်းပိုက်ထားပြီး လက်ရှိမှာတော့ဖားကန့်မြို့တွင်းတပ်နဲ့အထက်မှာဖော်ပြခဲ့တဲ့နေရာတွေသာကျန်ရှိတော့တာဖြစ်ပါတယ်။
By – Zaw Zaw