ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ စတင်လာတဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတိုက်ပွဲ တစ်ပတ်ကြာလာချိန် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံး၊နည်းပညာတက္ကသိုလ်၊စာသင်ကျောင်းနေရာတွေ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အကြား ရှိတဲ့ ကာကင်းစခန်း ၇ ခုကို ရှင်းလင်းထားနိုင်ပြီ ဖြစ်ပါတယ်။
လက်ရှိ ဗန်းမော်မြို့တက္ကသိုလ်ကျောင်းနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်၊ မြို့ပြင်တပ် ခလရ ၄၇နဲ့ မံစီမြို့စောင့်တပ် ခမရ ၆၀၁၊ ၃၁၉ တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ပူးပေါင်းတပ်က ဒီတပ်အားလုံးကို ပိတ်ဆို့တိုက် ခိုက်နေတာကြောင့် စစ်တပ်ဘက်က မနေ့ညစပြီး လေကြောင်းအကူနဲ့ရိက္ခာစပို့ပေးနေတယ်လို့ KIA ရှေ့တန်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဗန်းမော်ရယ် မံစီရယ် ၂ ဘက်အညှပ်ခံထားရတော့ ထွက်ပေါက်မရှိတော့ဘူး လက်နက်ချချင်ချ မချရင် သေဖို့ပဲရှိပါတယ်။ မနေ့ညက Y8 နဲ့ အကြာကြီးဝဲပြီးလေထီးနဲ့ချတာဟုတ်တယ် တခါချရင် အထုပ်တွေ တော်တော်များတယ် ”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအနီးတစ်ဝိုက် ဒီဇင်ဘာလ ၁၀ ရက်ည Y8 လေယာဉ်အမျိုးအစားနဲ့ ၃ ကြိမ်၊ဂျက်လေယာဉ်နဲ့ ၂ ကြိမ်တိတိ လေထီးနဲ့ရိက္ခာချသွားတယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းနဲ့ပြင်းပြင်းထန်ထန်ခုခံနေပေမယ့် ကာကွယ်ရေးတပ်ဘက်ကလည်း အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာလ ၁၀ ရက်ည မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁ ၊ ၃၁၉ တပ်ထဲဝင်ရောက်နိုင်ပြီဖြစ်တယ်လို့ သိရပေမယ့် အသေးစိတ် ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ခမရ ၆၀၁၊ ၃၁၉ ဟာ မံစီမြို့နဲ့ ၄ မိုင်ဝန်းကျင်အကွာမှာရှိပြီး တစ်ဆက်တည်းရှိတဲ့ တပ်ရင်းဌာနချုပ်ဖြစ်သလို အင်အား ၂၀၀ ခန့်ရှိတယ်လို့လည်း ခန့်မှန်းထားကြပြီး မံစီတိုက်ပွဲမှာ တော်လှန်ရေးဘက်က ၂၀ ဝန်းကျင် အကျအဆုံးရှိသလို စစ်တပ်ဘက်ကလည်း အကျအဆုံးများတယ်လို့ ဆိုပါတယ်။
အလားတူ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်တက္ကသိုလ်ကျောင်း၊ မြို့ပြင်တပ် ခလရ ၄၇ မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၈ ရက်တိတိရှိလာပြီး စစ်တပ်ဘက်က ဒီဇင်ဘာလ ၁၀ ရက် မနေ့ညမှာ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတစ်ဝိုက် လေကြောင်းဖြင့် ၅ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIA ရှေ့တန်းသတင်း ရင်းမြစ်ကပြောပါတယ်။
ဗန်းမော်မြို့နယ်ဟာ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်သလို အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းကာ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်ပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ တိုက်ပွဲကြောင့် အိမ်စောင့်ကလွှဲပြီး မြို့ခံပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့အနိီးဝန်းကျင်ရွာပေါင်း ၁၀ ခန့်မှ လူဦးရေ သောင်းဂဏာန်းထွက် ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။
“ခုမြို့ထဲမှာတော့ အိမ်စောင့်လောက်ပဲကျန်တယ် အားလုံးက ထွက်ပြေးနေကြပြီ။ မန်းလေး၊မြစ်ကြီးနားဘက်ပြေးတဲ့ သူနဲ့ လွယ်ဂျယ်၊ မိုင်းခေါင်၊ မိုင်ဂျာယန်ဘက်ပြေးတဲ့သူတွေလည်း များတယ်”လို့ ဗန်းမော်ကနေထွက်ပြေးတိမ်း ရှောင်လာတဲ့ ပြည်သူတစ်ဦး ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ထဲ လက်နက်ကြီးကျပေါက်ကွဲတာတွေလည်းရှိနေပြီး အဆောက်အအုံတစ်ချို့မီးလောင်တာ တွေရှိတယ်လို့ သိရပေမယ့် ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် အသေးစိတ်သိရဖို့ ခက်နေပါတယ်။
ဗန်းမော်မြို့နယ်ရဲ့ အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာ ရွှေကူ၊ တောင်ဘက်မှာ မံစီမြို့နယ်၊ မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တို့တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရဲ့ တောင်ဘက် ၁၁၅ မိုင် အကွာ တည်ရှိသလို KIO အခြေစိုက်ရာ လိုင်ဇာမြို့ဟာ ဗန်းမော်နဲ့ မြစ်ကြီးနားအကြားတည်ရှိပြီး ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာ၊ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစပြီး ဗန်းမော်မြို့ တက္ကသိုလ် ၃ ရှိတဲ့ထဲက နည်းပညာတက္ကသိုလ်နေရာနဲ့ ဗန်းမော်မြို့တက္ကသိုလ်နေရာတွေမှာ စစ်တပ်ဘက်က ဘန်ကာနဲ့အခိုင်မာတပ်စွဲနေရာယူထားတာဖြစ်ပါတယ်။
၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့ မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။
By – Zami