ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ
ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးလာရတဲ့စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်အတွက်အစားသောက်ကူညီမှုတွေမရတဲ့အပြင် လမ်းခရီးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းခံရတာရှိနေတယ်လို့ ဗန်းမော်စစ်ရှောင်တွေ ပြောပါတယ်။
“စစ်ရှောင်တဲ့သူတွေတော်တော်များများ မန္တလေး၊ ရွှေကူဘက်ဆင်းတဲ့သူတွေကိုဆို KIA ကလည်း ပေါ်တာဆွဲတယ်။ မန္တလေးဘက်မှာဆို စစ်ကိုင်းတံတားနားမှာ ဝင်တဲ့သူတွေကို စစ်တပ်က တားဆီးတာတို့၊ ဆွဲတာတို့လုပ်နေတယ်။ အဲ့အတွက်တော့ ပိုသတိထားနေရတယ်။” လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။
ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက လူငယ်၊ လူလတ်ပိုင်းကို KIA က စင်းခန်းမှာတပ်သားအဖြစ်စုဆောင်းတာတွေရှိနေသလို စစ်ကိုင်းတံတားအနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေရတယ်လို့ စစ်ဘေးရှောင်တွေ ပြောပါတယ်။
တိုက်ပွဲ ၂ ပတ်ကျော်ကြာလာချိန် ဗန်းမော်စစ်ရှောင်ပြည်သူတွေဟာ ဗန်းမော်မြို့အနောက်ဘက် ဧရာ၀တီမြစ်တစ်ဖက်ကမ်းကူးပြီး ရွှေကူ၊ ကသာ၊ မန္တလေးဘက် ဆင်းကြတဲ့သူတွေနဲ့ မြစ်ကြီးနားဘက်တက်သွားတဲ့သူ အတော်များတယ်လို့ ဆိုပါတယ်။
အလားတူ မိုင်းခေါင်၊ ဟန်ထက်နဲ့ အင်ဘာပါ၊ ဒိန်ဆင်းပါ၊ မိုင်ဂျာယန်– စတဲ့ ဒေသတွေဘက်ကိုလည်း အမြောက်အများတိမ်းရှောင်သွားကြပြီး ဖုန်းလိုင်းအခက်ခဲကြောင့် မိသားစုအချင်းချင်း အချိတ်ဆက်ပြတ်တောက်နေသူတွေလည်း များစွာရှိနေတယ်လို့ ဗန်းမော်ကနေ မြစ်ကြီးနားကို ပြေးလာတဲ့အမျိုးသမီးတစ်ဦး အခုလိုပြောပါတယ်။
“ထွက်ပြေးလာတဲ့အချိန် ကားရှာရတော်တော်ခက်တယ် ရှိတော့ရှိပေမဲ့ လူအရမ်းများတော့ မနိုင်တော့တာ ကားခက သိန်းချီကုန်တယ်။ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ သူများအိမ်တွေမှာ အကုန်လူပြည့်သွားတယ်လေ။ ထွက်ပြေးလာပါတယ်ဆို ခရီးစရိတ်က တော်တော်စျေးကြီးတာ။ မြစ်ကြီးနားရောက်ဖို့ တစ်ယောက်ကို ၃ သိန်းပေးပြီး ရောက်လာတာ။ ကျမတို့ရပ်ကွက်က တချို့သက်ကြီးရွယ်အိုတွေ၊ လေဖြတ်တာတွေက မထွက်လာနိုင်ဘူး။ ဒီလိုပဲနေတော့မယ်ဆိုပြီး တချို့ကတော့ ထွက်မလာနိုင်ဘဲ ရှိနေသေးတာဟုတ်တယ်”လို့ ဗန်းမော်ကနေ မြစ်ကြီးနားကို တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ လမ်းစရိတ်ခသိန်းချီကုန်ကျတဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေတဲ့နေရာမှာလည်း နေစရာအခက်ခဲကြုံတွေ့နေရတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစ ဗန်းမော်မြို့နဲ့မံစီမြို့တစ်ဝိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ (PDF) တပ်ပေါင်းစုတစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်လာတာပါ။
ခုလို ရုတ်တရက်တိုက်ပွဲပြင်းထန်လာတာကြောင့် ပြည်သူတွေကြိုတင်ပြင်ဆင်ထားတာမရှိတဲ့အတွက် ဦးတည်ရာမရ တစ်ကွဲတစ်ပြားထွက်ပြေးခဲ့ကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်၊ ခရိုင်မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးကြောင့် မြို့အနိီးနားရှိ မိုးမောက်၊ မံစီ–စတဲ့ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များစွာ ခိုလှုံနေတဲ့ မြို့လည်းဖြစ်ပါတယ်။
သို့သော် ဗန်းမော်မြို့တွင်းတိုက်ပွဲပြင်းထန်လာတဲ့တွက် ဒေသခံတွေနဲ့အတူ မြို့တွင်းခိုလှုံနေတဲ့စစ်ဘေးရှောင်တွေလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြီး ကူညီမယ့်သူမရှိသလို လမ်းခရီးမှာလည်း ခရီးစရိတ်အဆမတန်ကုန်ကျပြီး အခက်အခဲမျိုးစုံကြုံခဲ့ရတယ်လို့ ဗန်းမော်ကနေ ၅ ရက်ခရီးနှင်ပြီး မန္တလေးဘက် ရောက်လာသူတွေကလည်း ပြောဆိုပါတယ်။
တိုက်ပွဲကြောင့် ဗန်းမော်ကနေ အရပ်သား ၅၀၀၀၀ (ငါးသောင်း) ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲအမျိုးမျိုးကြောင့် သက်ကြီးရွယ်အိုတွေအပါအဝင် မထွက်ပြေးနိုင်ပဲ မြို့တွင်းကျန်နေသူတွေလည်း တချို့ရှိနေသေးတယ်လို့ ဆိုပါတယ်။
“အရင်တုန်းက မံစီ၊ မိုးမောက်တွေဘက်က စစ်ရှောင်ခဲ့ကြတဲ့ ပြည်သူတွေကိုတော့ ကျတော်တို့ ဗန်းမော်မြို့ခံအနေနဲ့ စစ်ရှောင်မိသားစုတွေကို ဆန်၊ ဆီ၊ စားစရာတွေကို ပံ့ပိုးပေးတယ်။ ကျနော်တို့ တကယ်တမ်း ထွက်ပြေးလာတော့ ကျနော်တို့မှာ ကူညီမယ့်သူ ဘယ်သူမှမရှိဘူး။ အခုလိုမျိုး မန္တလေးမြို့လိုမျိုးမှာ ရောက်ရင်လည်း ဘာသိဘာသာပဲ နေနေကြတယ်လေ။ ရောက်တဲ့နေရာမှာ စာရင်းကောက်တာတို့၊ စစ်ရှောင်တွေကို ကိုယ့်ရပ်ကွက်၊ သူ့ရပ်ကွက်၊ သူ့မြို့နယ်၊ ကိုယ့်မြို့နယ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းကောက်တာတွေလည်း မတွေ့ဘူး။ ထောက်ပံ့မှုလည်းမတွေ့ဘူး ကူညီတာတွေလည်း ဘာမှမရှိဘူး အဲလိုမျိုးတော့ရှိတယ်”လို့မန္တလေးသို့ တိမ်းရှောင်လာသူ ဗန်းမော်စစ်ဘေးရှောင်တစ်ဦးကလည်းပြောပါတယ်။
တစ်ဖက်မှာလည်း တိုက်ပွဲကြောင့် ဗန်းမော်မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရချိန် နေအိမ်၊ ဖုန်းဆိုင်၊ ကုန်စုံဆိုင်ခန်းတစ်ချို့ ဖောက်ထွင်းခံနေရပြီး ပစ္စည်းတွေသယ်ယူနေကြသူတွေလည်း ရှိတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်တိုက်ပွဲ နှစ်ပတ်ကျော်အတွင်း တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၂၀၀ ဝန်းကျင်ရှိလာသလို ဗန်းမော်စစ်ဘေးရှောင်ပြည်သူတွေဟာ လျစ်လျူရှုထားခံနေရတယ်လို့ ကချင်အရပ်ဖက်အဖွဲ့အစည်း CSOs တွေလည်း စာနဲ့ထုတ်ပြန် ထောက်ပြထားပါတယ်။
“အခုဗန်းမော်စစ်ရှောင်တွေကို UN ၊ CSOs၊ NGO တွေ International Community တွေလည်း လစ်လျူရှု ပစ်ထားသလိုဖြစ်နေတယ်။ လုံခြုံရေးအကြောင်းပြ၊ အင်တာနက်လည်းမရ၊ ဖုန်းအဆက်အသွယ်လည်းမရဆိုတော့ ဘယ်လိုသတင်းအချက်အလက် ရယူမလဲ၊ဘယ်လိုလုပ်ပြည်သူတွေရဲ့အခက်အခဲကို တင်ပြမလဲ ဆိုတာတွေကလည်း သူတို့အတွက် အကြောင်းပြချက်တစ်ခုရှိနေတယ်။ ဒီလိုခက်ခဲတဲ့အချိန် အရေးပေါ် ကူညီမှုတွေလိုအပ်တာဖြစ်တယ်။ အခြေခံလိုအပ်ချက်၊ အစားအသောက် တော်တော်လိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့် ကျမတို့အခုလို ပြောဆိုလာရတာဖြစ်တယ်”လို့ အမျိုးသမီးအရေးအပါအဝင် ကချင်အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ပြောပါတယ်။
လတ်တလော ဒေသတွင်း CSO နဲ့ WPN တွေပူးပေါင်းပြီး မိုင်းခေါင်၊ ဟန်ထက်၊ အင်ပါဘာ၊ ဒိန်ဆင်းပါ၊ အင်ခေါင်းပါ နဲ့ မိုင်ဂျာယန်ဘက်မှာထွက်ပြေးခိုလှုံနေကြသူ စစ်ရှောင်အိမ်ခြေ ၃၀၀ ခန့်အတွက် အကူအညီပေးသွားမဲ့အစီအစဉ်ရှိတယ်လို့ ဆက်လက်သိရပါတယ်။
ကချင်ဒေသမှာ ၂၀၁၁ တစ်ကြော့ပြန်တိုက်ပွဲ၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲပဋိပက္ခာတွေကြားကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသခံတွင်း CSO များစွာကနေ ဒေတာအချက်အလက်ကောက်ယူနိုင်ပေမယ့် လက်ရှိ ဗန်းမော်စစ်ရှောင်ပြည်သူတွေရဲ့အချက်လက်အသေးစိတ်ကိုတော့ ဖုန်းလိုင်းအဆက်အသွယ် ချိတ်ဆက်မှုအခက်အခဲအမျိုးမျိုးကြောင့် ရယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗန်းမော်စစ်ရှောင်တွေ လာရောက်ခိုလှုံနေတဲ့ဒေသက ပြည်သူတွေအနေနဲ့လည်း စစ်ရှောင်တွေကို ဥပက္ခာပြုထားတာတွေ မလုပ်ပဲ နွေးထွေးစွာကူညီကြဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ တောင်းဆိုနေကြပါတယ်။
“မြစ်ကြီးနားဘက်မှာလည်း အများပိုင်းထွက်ပြေးသွားကြပြီ။ မြစ်ကြီးနားမှာ နေတဲ့သူတွေက ဧည့်သည်ကိုကြောက်တာတို့၊ စစ်ရှောင်တွေဝင်ရောက်ခိုလှုံမှာကို စိုးရိမ်နေတာတို့ ၊ ၃၊ ၄ ရက်လောက်သာ လက်ခံနိုင်ပြီး ကြာရင်တော့အမျိုးမျိုးပြောတာတို့ မဟုတ်ပဲ။ အမှန်တကယ်ခက်ခဲပြီး ရောက်လာတဲ့ စစ်ရှောင်တွေကို ကောင်းမွန်စွာ ကူညီကြရအောင်။ ဗန်းမော်ကနေ တိမ်းရှောင်လာသူတွေလည်း ကိုယ့်ကို လုံခြုံမှုပေးနိုင်တဲ့သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားရပါမယ်။ မန္တလေးဘက်ရောက်ရင်လည်း မန္တလေးဘက်ကသူတွေက နွေးထွေးစွာ ကူညီပေးကြရအောင်။ ကိုယ့်အရပ်ဒေသဆီ ရောက်လာတဲ့ စစ်ရှောင်တွေကို ဥက္ခာပြုထားတာတွေ မလုပ်ပဲ နွေးထွေးစွာကူညီကြရအောင်လို့ ပြောချင်တယ်”လို့ အမျိုးသမီးအရေးအပါအဝင် ကချင်အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူက ဆက်ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေဟာ မံစီမြို့နဲ့ ဗန်းမော်မြို့ကို သိမ်းပိုက်ဖို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေဆဲဖြစ်ပြီး ဗန်းမော်မြို့နေရာအများပိုင်း ဝင်စီးထားနိုင်သလို မြို့တွင်း ရဲစခန်းအပါအဝင် အစိုးရနဲ့သက်ဆိုင်တဲ့ ရုံးနေရာတချို့ မီးလောင်ပျက်စီးသွားတာတွေရှိနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ထိ ဗန်းမော်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ကလည်း လေကြောင်းနဲ့အပြင်းအထန်ခုခံတာတွေရှိနေကာ တိုက်ပွဲကြောင့် မြို့တွင်း အလောင်းမကောက်နိုင်ပဲသေဆုံးနေသူတွေများတယ်လို့ ဗန်းမော်မြို့တွင်းကနေ ထွက်လာသူတွေက ပြောပါတယ်။
ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ၊ကျေးရွာအုပ်စု ၄၁ စု၊ကျေးရွာပေါင်း ၇၁ ရွာနဲ့ဖွဲ့စည်းထားပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်း) ခန့်နေထိုင်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နယ်ရဲ့အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊တောင်ဘက်မှာ မံစီမြို့နယ်၊မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အပစ်ခတ်ရပ်စဲပြီးနောက် စစ်တပ်ရဲ့ တပ်မတွေအပါအဝင် စစ်တပ်စခန်းအများဆုံးတပ်ချရာနေရာဖြစ်သလို ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ)”စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်” ဟာ ခြေမြန်တပ်မဌာနချုပ်‘ အသွင်ယူထားတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ