![](https://i0.wp.com/burmese.kachinnews.com/wp-content/uploads/2025/01/Indaw-PDF-1.jpg?resize=780%2C470&ssl=1)
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ ကာကင်းစခန်း ၂ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အင်းတော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“အင်းတော်ကတော့ နေရာနှစ်ခုရလိုက်တယ်ပေါ့နော်။ ရန်သူရဲ့ ဂျပန်လှိုဏ်ဂူရှေ့ကို ကာကင်းထွက်နေတဲ့နေရာရယ်၊ နောက်ထပ်ကာကင်းတစ်ခုရယ်ပေါ့။ မနေ့ကမနက်တော့ ဒရုန်းပွဲပေါ့။ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တဲ့ပွဲပေါ့“လို့ ပြောပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကင်းစခန်းနှစ်ခုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိုင်ချထားတဲ့ ဒေသအခေါ် “ဂျပန်လှိုဏ်ဂူ” ကာကင်း စခန်း နဲ့ နောက်ထပ် ကာကင်းစခန်းငယ်တစ်ခု ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒါ့အပြင် အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ တိုက်ပွဲ ပြင်းထန်နေဆဲ အခြေအနေသာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကနေ စတင် ပြင်းထန်နေခဲ့တာဖြစ်ပြီး ရပ်လိုက် နားလိုက် ဖြစ်နေရာကနေ ဒီရက်ပိုင်းအတွင်း ပြန်လည်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေး ကားလမ်းကို ကာကွယ်ရေးတပ်တွေဘက်က သွားလာခွင့်ပိတ်ထားတဲ့အတွက် ကားသမားတွေဟာ တောလမ်းကို အသုံးပြုပြီး သွားလာနေကြရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
အင်းတော်မြို့နယ်မှာ ကချင်ပြည်နယ်နယ်စပ်မှာ ရှိပြီး မန္တလေး– မြစ်ကြီးနား ပြည်ထောင်စု လမ်းမပေါ်မှာ တည်ရှိပါတယ်။
By – အမိုး