သတင်း

အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး

စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သေဆုံးသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။

ဟုတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာပဲ ပါသွားတယ်လို့ပြောပါတယ်။ သူနဲ့ နောက်ထပ် အရာရှိ နှစ်ဦးလည်းပါတယ်လို့ပြောတယ်။ အဲ့နှစ်ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရဘူးလို့ပြောပါတယ်။

ရုပ်အလောင်းပြန်ရမရ အသေးစိတ်မသိရပေမယ့် ကသာဒေသခံတစ်ဦးဖြစ်တာကြောင့် မိဘဖြစ်သူတွေက နာရေးပြုလုပ်လိုက်ပြီလို့ သိရပြီး သတင်းမပေါက်ကြားဖို့အတွက်လည်း စစ်တပ်က သတိပေးထားတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲမှာ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဟာ ပြီးခဲ့တဲ့ နှစ်လ ဝန်းကျင်လောက်မှာပဲ တနိုင်းဒေသကနေ ပြောင်းရွှေ့လာသူဖြစ်ပြီးတော့ ဗန်းမော်ရှေ့တန်းမှာ သေဆုံးသွားတာဖြစ်တယ်လို့  အကြောင်းသိရှိတဲ့သူတွေက လူမှုကွန်ယက်စာမျက်နှာပေါ် တွေမှာ ပြောဆိုနေတာတွေ့ရပါတယ်။

နောက်ထပ် ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းဖြစ်နိုင်ခြေရှိပါတယ်။ ဒီရက်ပိုင်းမှာ ဗန်းမော်တိုက်ပွဲမှာက စစ်တပ်ဘက်က သေဆုံးတဲ့သူတွေတော့ တော်တော်များတယ်။  သူတို့မျှောင့်ထားတဲ့ အတိုင်းတော့ ဖြစ်မလာပုံရတယ်လို့ပြောပါတယ်။

ဒါ့အပြင် ခန့်ထက်နောင်ကို တနိုင်းမှာ တာဝန်ကျစဉ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလင်းဝင်ဖို့ သတိပေးပြောဆိုတာတွေရှိခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်ခဲ့သူဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ချေမှုန်းဖို့ စိတ်ထက်သန်သူတစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ သုံးပွင့်ဗိုလ်ဖြစ်တဲ့ ခန့်ထက်နောင်အပါ အရာရှိ ၂ ဦးထက်မနည်းလည်း သေဆုံးခဲ့တဲ့အပြင် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ စစ်ကြောင်းတစ်ခုကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ဗန်းမော်တိုက်ပွဲဟာ ဒီကနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ သံချပ်ကာတပ် အမှတ် ၅၀၁၄ ၊ ခလရ ၂၃၆ နဲ့ အမတ ၃၆၆ စတဲ့ တပ်နေရာတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button