ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ စက် လှေသမားများဆီက သိရပါတယ်။
ဟုမ္မလင်းမြို့အောက်ဘက် နောင်ပင်၊ မြင်သာဘက်ခြမ်း၊ ချင်းတွင်းမြစ်ဘေး ရပ်နားထားတဲ့စက်လှေတွေ နဲ့ ဖလက်ခွံတွေဆီကနေ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သုံးကြိမ်တိတိသေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းတာကြုံတွေ့ခဲ့ရတယ်လို့ စက်လှေဆိပ်က အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“နေ့ခင်းဘက်တော့မလာဘူး ညဘက်မှာ လာတာ လူတွေတိတ်ဆိတ်နေပြီဆိုရင် မီးမှိတ်ထားတဲ့စက်လှေတွေပေါ်တက်ပြီး သေနတ်နဲ့ချိန်ပြီးတောင်းတာနှစ်ခါရှိပြီ။ အဲ့ကြောင့် အခုနောက်ပိုင်းစက်လှေတွေကမ်းမှာ မကပ်ကြတော့ဘူး။ ရေလယ်ခေါင်အထိကျောက်ချပြီးအိပ်ရတယ်”လို့ သူပြောပါတယ်။
သေနတ်ကိုင်ဆောင်ထားတဲ့ အဲ့ဒီအမျိုးသားသုံးဦးက ချင်းတွင်းမြစ်ဘေးရပ်ထားတဲ့စက်လှေ၊ ဖလက်ခွံတွေဆီကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ တစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့ နှစ်ကြိမ်တိတိ ခြိမ်းခြောက်ငွေတောင်းမှုပြုလုပ်ခဲ့ပြီးနောက် စက်လှေသမားတွေဟာ ညဘက်ကမ်းမကပ်တော့ပဲ ရေလယ်ခေါင်မှာ ညအိပ်နေရတယ်လို့ဆိုပါတယ်။
“ဘယ်သူမှကမ်းစပ်နားမကပ်တော့ဘူးညကျရင်ကြောက်လို့ ဟိုးရေလယ်ခေါင်အထိဆင်းပြီးကျောက်ချထားရတယ်။ မိုးတွင်းဆိုတော့ဗျာ ညတွင်းကြီး ရေကြီးရေလျှံဖြစ်လာမှာလည်းစိုးရိမ်ရ၊ကမ်းကပ်ထားရင်သူခိုး၊ဓားပြလာမှာလည်းစိုးရိမ်ရနဲ့ဒုက္ခတွေတော့ရောက်တာပေါ့”လို့ နောက်ထပ် ဒေသခံအမျိုသားတစ်ဦး ပြောပါတယ်။
လက်ရှိ ဟုမ္မလင်းစက်လှေဆိပ်မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မုံရွာ – ဟုမ္မလင်းရေကြောင်းတစ်လျှောက်ပိတ်မိနေတဲ့စက်လှေ၊ ဖလက်ခွံရာချီနဲ့ ချီရောက်ရှိနေတာဖြစ်ပြီး လုယက်ခံရတဲ့နှစ်ကြိမ်မှာ ငွေကျပ် သိန်း ၃၀၀ ဝန်းကျင်ခန့်ပါသွားကြောင်းသိရပါတယ်။
“ပထမအကြိမ်လာတုန်းကတော့အများကြီးပါသွားတယ် သိန်းနှစ်ကျော်တယ်တဲ့ ဒုတိယအကြိမ်ကျတော့တစ်ချို့သတိနဲ့နေလာကျတော့ အဲ့လောက်မပါသွားဘူး သိန်း ၃၀ ကျော်ကျော်ပဲပါသွားတယ်တဲ့”လို့ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါပြစ်မှုကျူးလွန်သူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း သက်ဆိုင်ရာတွေကစုံစမ်းနေဆဲလို့လည်းဒေသခံတွေကဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်၊ SNA တပ်တွေအပြင် ဟုမ္မလင်းပ.က.ဖ၊ပ.အ.ဖ နဲ့အခြားမဟာမိတ်တပ်ပေါင်းစုတွေအများအပြားရှိနေတာဖြစ်ပါတယ်။
သို့ပေမယ့် လက်ရှိ ခြိမ်းခြောက်ငွေတောင်းမှုတွေဖြစ်နေတဲ့နေရာဟာ ဟုမ္မလင်းမြို့ဧရိယာထဲမှာဖြစ်ပြီး စစ်ကောင်စီနဲ့SNA တပ်တွေကအပြည့်အဝထိန်းချုပ်ထားတာဖြစ်ပါတယ်။
By – Zaw Zaw



