သတင်းအင်တာဗျူး

မြစ်ကြီးနားမှာ PDF အမည်ခံပြီး ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်

မြစ်ကြီးနားမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF)ဆိုတဲ့ အမည်ကို အသုံးပြုပြီး ခြိမ်းခြောက်ငွေညှစ် တာတွေ မကြာခဏကြားနေရပြီး ဒီနောက်ပိုင်းခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။

ခြိမ်းခြောက်ငွေညှစ် ခံရသူတွေထဲမှာ လုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ဖွင့်ထားတဲ့ သူတွေသာမက ကိုယ်ပိုင်စာသင်ကျောင်းတွေအထိပါ ခြိမ်းခြောက်ငွေတောင်းရမ်းတာတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။

မဟာမိတ်တပ်ပေါင်းစု (NBPDF) အဖွဲ့ရဲ့ ပြောကြားချက်အရ PDF အမည်ခံပြီး ငွေညစ်တဲ့ ကိစ္စတွေဟာ ၂၀၂၂လောက်ကနေ လုပ်ငန်းရှင်နဲ့ ဈေးဆိုင်တွေကိုသာ ပြုလုပ်ခဲ့ပေမယ့် ၂၀၂၅လောက်ကစပြီး ကိုယ်ပိုင်စာသင်ကျောင်းတွေကိုလည်း ငွေညစ်ဗုံးခွဲတာတွေပြုလုပ်လာတာလို့ ဆိုပါတယ်။

ငွေညှစ် တဲ့ ပုံစံတွေကတော့ ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်သေးခင် ငွေတောင်းတဲ့ ခြိမ်းခြောက်စာအရင်ပို့တာဖြစ်ပြီး နောက်တစ်ဆင့်အနေနဲ့ကတော့ ကျောင်းအနီးနား ပတ်ဝန်းကျင်မှာ ဗုံးခွဲတာမျိုးတွေကို ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။

လက်ရှိချိန်ထိ ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ကျောင်း ၃ ကျောင်းထိရှိလာပြီ ပြည်ဟိန်း၊ IELTS ALL STAR စတဲ့ ကျောင်းတွေကို ဇွန်လလောက်ကနေ တစ်လတစ်ကြိမ်နှုန်းနဲ့ ခြိမ်းခြောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ခုလို အမည်မသိ လူတစ်စုကနေပြီးတော့ PDFအမည်ခံ ခြိမ်းခြောက်ငွေညှစ် မှုတွေပြုလုပ်နေတာနဲ့ ပက်သက်ပြီး သေချာသိရှိနိုင်အောင် မြစ်ကြီးနားမြို့အတွင်း လှုပ်ရှားသည့် မဟာမိတ်တပ်ပေါင်းစု NBPDF တာဝန်ခံတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ရှေးဦးစွာ အရင်မိတ်ဆက်ပေးပါဦး ဆရာ။ ရာထူးနဲ့ အဓိက ဘာတာဝန်ထမ်းဆောင်နေတယ်ဆိုတာကို။

ဖြေ။    ။မဟာမိတ်တပ်ပေါင်းစုက KG ခေါင်းဆောင်တစ်ဦးပါ တာဝန်ကတော့ ဘက်ပေါင်းစုံကပေါ့။

မေး။    ။ မြစ်ကြီးနားမြို့မှာ ငွေတောင်းခံတဲ့ PDFအဖွဲ့ဝင်တွေ ရှိလားဗျ။ တော်လှန်ရေးအဖွဲ့တွေဘက်ကဆိုရင် အခွန်ကောက်ကို ဘယ်သူတွေ လုပ်ဆောင်လဲဗျ။

ဖြေ။    ။ မြစ်ကြီးနား မှာ PDF မရှိဘူး နောက်ပြီးတော့ PDF မှာ အဲလို အခွန်ငွေကောက်ခံခြင်း လုပ်ခွင့်မရှိဘူး။ တော်လှန်ရေးဘက်ကတော့ တရားဝင် အခွန်ငွေကောက်ခံနေတဲ့ KIO အစိုးရရှိတယ်။ KIOအစိုးရဘက်က တိုက်နယ်မှူးတွေ အခွန်ကောက်တယ်ဆိုတာကလည်း တရားဝင် ပြေစာတံဆိပ်ခေါင်းနဲ့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်စာအချိုးကျနဲ့ကောက်ခံတာပါ။

 မေး။   ။ မြစ်ကြီးနားမြို့မှာ PDFအဖွဲ့ဆိုပြီး ငွေတောင်းခံတာမျိုးတွေ ခဏဏကြားနေရတယ်ဗျ။ ဆိုတော့ အဲ့တာက ဘယ်သူတွေ ဖြစ်နိုင်လဲဗျ။ ဒီလို‌ငွေတောင်းတဲ့ကိစ္စက ဘယ်အချိန်ကတည်းကနေ ပေါ်ပေါက်ခဲ့တာလဲ။

ဖြေ။    ။ ဟုတ်ကဲ့ ကျနော်တို့လည်း ကြားရပါတယ်။ ခုလို PDF ဆိုပြီး လုပ်ငန်းရှင်တွေဆီ ခြိမ်းခြောက်ငွေတောင်းတဲ့အလုပ်ကတော့ PDF ကို နာမည်ဖျက်ချင်တဲ့သူတွေကပဲ မသမာတဲ့ နည်းလမ်းနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ကြမှာပဲလေ။ တကယ်တော့ မြစ်ကြီးနားမှာ PDF မရှိဘူး။ KPDF တော့ရှိတယ်။ KPDF စစ်စစ်ကလည်း ရှေ့တန်းမှာ ကျရာတာဝန်ထမ်းနေကြတာပါ။ အဲဒီတော့ မည်သူမည်ဝါကပဲ ခုလို ပြည်သူတွေအပေါ် အနိုင်ကျင့်ခြိမ်းခြောက် ဗုံးခွဲ ပိုက်ဆံတောင်း ငွေညှစ်မလည်းဆိုတာ အသိသာကြီးပါ။ ခုလို လုပ်ငန်းရှင် ပြည်သူတွေပေါ် ခြိမ်းချောက် ငွေညှစ်နေတဲ့ကိစ္စက 2022 ထဲက မိုင်းနား ဝိုင်းမော်ဘက်ခြမ်းကလည်း PDFတွေဆိုပြီး ဖုန်းဆက် ခြိမ်းချောက် ငွေညှစ်တာတွေ ရှိခဲ့ဘူးတယ်။

 မေး။     ။ ငွေတောင်းတဲ့သူတွေက ဘယ်လို ရည်ရွယ်ချက်ကြောင့် PDF နာမည်သုံးပြီး တောင်းနေတယ်လို့မြင်လဲ။

ဖြေ။    ။ ဒါကတော့ ခုနကပြောသလိုပဲ PDF နာမည်ကို ခုတုံးလုပ် PDF ဆိုပြီး မသမာနည်းနဲ့ လက်ဗလာပြည်သူတွေအပေါ် လက်နက်အားကိုးပြီး အနိုင်ကျင့် ခြိမ်း‌ခြောက်တာ ဘယ်သူတွေလည်းဆိုတာ ထမင်းစားပြီးကြီးတဲ့သူတိုင်းသိကြမှာပါ။

မေး။    ။ ဒီခြိမ်းခြောက် ငွေလိမ်တောင်းတဲ့ကိစ္စတွေက အရင်ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ ဈေးဆိုင်တွေမှာလုပ်ဆောင်ပေမယ့် အခုအချိန်မှာတော့ ကျောင်းတွေအထိပါ ခပ်စိပ်စိပ်လိမ်လည်လာပြီး ဗုံးဖောက်ခွဲ ခြိမ်းခြောက်လာနိုင်တာဟာ ဘယ်လိုအကြောင်းမျိုးတွေကြောင့်ပါလဲ။

ဖြေ ။    ။ ဒီကောင်တွေက ဈေးဆိုင်တွေ ကုန်စုံဆိုင်တွေ လုပ်ငန်းရှင်တွေကို ငွေတောင်းရတာက ခဏဏတောင်းနေရတော့ သိပ်ပြီးတော့ မသေချာတော့ဘူး ကြည့်ရတာ ငွေများများစားစားရဖို့က မသေချာတော့ဘူး။ အဲဒါကြောင့်မို့ ဒီကောင်တွေက ကျောင်းတွေကို ဗုံးဖောက်ခွဲ ခြိမ်းခြောက် ငွေတောင်းတာက ရှင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီကောင်တွေကကျေင်းသူ ကျောင်းသားလေးတွေကို ဓားစာခံလုပ်ရင်တော့ ကျောင်းပိုင်ရှင်တွေကို ငွေညှစ် လို့ရှိရင် သေချာပေါက် မဖြစ်မနေကို ပိုက်ဆံများများစားစားရမယ်လို့ အပိုင်တွက်ထားကြလို့ဘဲ ဖြစ်မှာပါ။

မေး။     ။ တော်လှန်ရေး တပ်ဖွဲ့တွေကနေပြီးတော့ သူတို့ကို ဖမ်းဆီးအရေးယူခဲ့တာမျိုးကော ရှိလား အရင်ကရော လက်ရှိအချိန်မှာရော။

ဖြေ။    ။ ပထမဦးဆုံးဖမ်းမိတဲ့အဖွဲ့ကိုကြတော့ စစ်ဆေးလိုက်တဲ့အချိန် ဟိုဖက်ကမ်းက လီဆူပြည်သူ့စစ် တွေလို့ သိရတယ်။ ပြီးတော့ တိုက်နယ်အဖွဲ့ကို အပ်လိုက်တာပေါ့နော။ တိုက်နယ်အဖွဲ့က ဘယ်လိုဆုံးဖြတ်လိုက်လဲတော့ မသိဘူး။ ကိုယ်တွေကတော့ ၂ဖွဲ့ ၃ဖွဲ့လောက်ဖမ်းတယ်။ ကိုယ်တွေနဲ့ မဆိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း ပြည်သူတွေက တောင်းဆိုလို့ပါ။ အကူအညီတောင်းလို့ ကျွန်တော်တို့က ဖမ်းပေးတာပေါ့။ ပထမဆုံး ဖမ်းမိတဲ့အဖွဲ့ကတော့ လီဆူပြည်သူ့စစ်နဲ့ ဆက်နွယ်တဲ့အဖွဲ့လို့ သိရတယ်။ နောက်၂ဖွဲ့ကတော့ ဒီတိုင်းဘဲ ထောင်ထဲက ထွက်လာတဲ့ သူခိုးဓားပြတွေ ဒီကောင်တွေက။ အသက်အရွယ်အားဖြင့်တော့ ၂၀ ကျော်ကျော် ၃၀ ဝန်းကျင်လောက်ပါဘဲ။

 မေး။    ။ ဒီ PDFယောင်ဆောင်ပြီး ငွေညှစ်တောင်းခံတဲ့ က ဘယ်သူတွေမှာ တာဝန်ရှိလဲဗျ။

ဖြေ။     ။ အခုလိုမျိုး ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းနေတာက ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတော့ ကျွန်တော့်အထင်ပြောရရင် ဒီလိုလုပ်ရပ်တွေက စကစနဲ့ ဆက်နွယ်တဲ့သူတွေရဲ့ လုပ်ရပ်တွေ ပြည်သူစစ်တွေနဲ့ ဆက်နွယ်ထားတဲ့ လူတွေဘဲ သူတို့တွေလုပ်တာလို့ တစ်ထစ်ချ ပြောနိုင်တယ် ထင်ကြေးပေးချင်တယ်။ အဲတော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ သူတို့မှာဘဲ တာဝန်ရှိတယ်။ ဒီစကစနဲ့ ဆက်နွယ်တဲ့ သူတွေဆီမှာဘဲ။

 မေး။    ။ ပြည်သူတွေကိုရော ခုလို ခြိမ်းခြောက်ငွေညှစ်တဲ့ ကိစ္စနဲ့ပက်သက်ပြီး ဘာတွေသတိပေးချင်လဲဗျ။

ဖြေ။     ။သွားသတိ လာသတိနဲ့ ကိုယ့်သတိနဲ့ကိုယ်နေကြပါလို့ပဲပြောချင်တယ်။

မေး။     ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပေးပါအုံး။

ဖြေ။    ။ အားလုံးက အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေပါဘဲ။ မအေးချမ်းတော့ စိတ်ကအစ လုံခြုံကြမှာမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ပါတ်ဝန်းကျင်က အသိုက်ဝန်းလေးတွေ အပေါင်းသင်းမိတ်ဆွေလေးတွေအားလုံး တကယ် အရေးကြုံလာရင် စည်းစည်းလုံးရှိကြပါလို့ပဲ အကြံပြုပါရ‌စေ။

By – Hope

Show More

Related Articles

Back to top button