လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦးထိခိုက်
ကချင်ပြည်နယ် ဖားကန့် မြို့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှာ တစ်ရက်တည်း စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိသလို လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။
ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ရွာကို စစ်တပ်က စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းဝင်ရောက်နေရာယူလိုက်ပြီးနောက် ညနေပိုင်း ၄ နာရီဝန်းကျင်အချိန် စစ်တပ်က ပစ်လိုက်တဲ့ ဒရုန်းလက်နက်ကြီး မှော်ရှိန်ကုန်းဘက်ကို ကျမှန်ပေါက်ကွဲခဲ့တာကြောင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
“မှော်ရှိန်ကုန်းဘက်ကို စစ်တပ်ရဲ့ ဒရုန်းလက်နက်ကြီးကျတယ်။ ဗျူဟာကုန်းကနေ ပစ်လိုက်တာလား။ အခုနေရာယူလိုက်တဲ့ ဆိုင်းတောင် ဆန်းကြွယ်ဘက်ကနေ ပစ်လိုက်တာလား သေချာတော့မသိလိုက်ဘူး။ ဒါပေမယ့် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးတော့သေချာပါတယ်။ ၉ နှစ်အရွယ်ကလေးငယ်က ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက်သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ညီအစ်မဖြစ်သူက လက်တစ်ဖက်ပြတ်ထွက်သွားတယ်။ တစ်ခြားလူ ၃ ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။
လက်နက်ကြီးကျမှန်ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်မှာ ၉ နှစ်ရွယ် မမေမြတ်နိုးသွယ်သေဆုံးခဲ့ရပြီး ညီမဖြစ်သူ မခင်မြတ်နိုးသွယ်၊ အသက် ၆၀ နှစ်အရွယ် အဘွားအိုတစ်ဦး၊ အသက် ၁၇ အရွယ်ရှိကြတဲ့ မောင်အောင်လင်းဦး၊ မသင်ဇာနွယ်တို့ အသီးသီးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တစ်ရက်တည်းမှာပဲ စစ်တပ်ဟာ ဆိုင်းတောင်ကျေးရွာကို ညသန်ခေါင်ယံ ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုမရှိခဲ့ပေမယ့် မှော်ရှန်ကျေးရွာရှိ ရတနာစိမ်းအမည်ရှိတဲ့ ကျောက်စိမ်းကုမ္ပဏီဝင်းမှာ လေယာဉ်ဗုံး ၂ လုံး ကျမှန်ပေါက်ကွဲခဲ့ပါတယ်။
လေယာဉ်ဗုံးကြောင့် ကုမ္ပဏီဝင်းထဲက အဆောင်တစ်ခု တစ်စစီပျက်စီးသွားသလို ဗုံးစတွေ ပတ်လည်ကျင်တဝိုက်မှာ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
ဒီဖြစ်စဉ်ဟာ စစ်တပ်က စက်တင်ဘာလ ၁၇ ရက်နေ့ ဆိုင်းတောင်အုပ်စုထဲက ဆန်းကြွယ်နဲ့ မှော်တောင်း ကျေးရွာနှစ်ခုကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်တပ်က ဝင်ရောက်နေရာယူလိုက်တဲ့ ဆန်းကြွယ်၊ မှော်တောင်းနေရာကနေ လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားသေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
“စစ်တပ်က ဆန်းကြွယ်မရောက်ခင် မှော်တောင်းကျေးရွာက ဘုရားကုန်းနေရာကို စစ်တပ်ကထိုင်လိုက်ပြီဖြစ်တယ်။ အဲ့ဒီနေရာက ဒရုန်းလက်နက်ကြီးလှမ်းပစ်ပုံရတယ်။ အဲဒါကြောင့် မှော်ရှန်ဘက်မှာ အရပ်သားသေဆုံးတာတွေဖြစ်လာတယ်”လို့ပြောပါတယ်။
မှော်ရှန်ကျေးရွာဟာ ဆန်းကြွယ်၊ မှော်တောင်းကျေးရွာရဲ့ အထက်ပိုင်းမှာတည်ရှိပြီး ၃ မိုင်ပတ်လည်ကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။
အရပ်သားပြည်သူနေ့စဉ်သေဆုံးမှုဖြစ်ပွားနေတဲ့ ဖားကန့်စစ်ရေးအခြေအနေဟာ စက်တင်ဘာလ ၁၇ ရက်နေ့ စစ်တပ်က ဆန်းကြွယ်နဲ့ မှော်တောင်းကျေးရွာနှစ်ခုစလုံးကို ထိန်းချုပ်လိုက်တာကြောင့် ဆန်းကြွယ်ဘုရားကုန်းနဲ့ အရပ်သားနေအိမ်တွေမှာ ဝင်ရောက်နေရာယူထားကြတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူထားပြီဖြစ်တဲ့ ဆန်းကြွယ်၊ မှော်တောင်းဘုရားကုန်းနေရာဟာ ဆိုင်းတောင်ကျေးရွာအုပ်စုတစ်ခုလုံး၊ ဥရုချောင်းတစ်ဖက်ကမ်းနဲ့ တိုက်ပွဲဖြစ်နေတဲ့ ရှရော်ခ ညောင်ပင်ကုန်းအထိ လှမ်းထောက်နိုင်တဲ့ အခြေအနေ ရောက်ရှိသွားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲသံတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။
ဖားကန့်ဒေသမှာ စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်လအထိ ကားမိုင်း – နန့်ယားလမ်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စက်တင်ဘာလဆန်းပိုင်းအတွင်းကနေ ဆိုင်းတောင်ကျေးရွာအုပ်စုကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဆိုင်းတောင်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာကြောင့် ကျေးရွာအသီးသီးက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



