သတင်း

နန့်ရင်းချောင်းကူးတံတားနေရာ မြေတူးဖျက်ဆီးလိုက်တဲ့အတွက် ပြည်သူတွေသွားလာရေးအခက်တွေ့နေ

မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ နန့်ရင်းချောင်းကူးလမ်းတံတားနေရာကို စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေ အကြောင်းမဲ့ မြေတူးပြီး လမ်းပ်ိုင်းဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲသွားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေဖျက်ဆီးလိုက်တဲ့လမ်းပိုင်းဟာ ဟိုပင်ဒေသခံတောင်သူတွေ လယ်ယာလုပ်ငန်းအတွက်သွားလာဖြတ်သန်းနေရတဲ့ လမ်းတံတားဖြစ်တဲ့အပြင် ဒိန်လုံပါ၊ ဆင်ဘိုစတဲ့ ကျေးရွာမြောက်များစွာဆက်သွယ်ထားတဲ့ လမ်းနေရာဖြစ်တယ်လို့ ဟိုပင်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုလမ်းဖျက်ဆီးလိုက်တဲ့လမ်း ပတ်ပတ်လည် ဟိုဘက် ဒီဘက် ဒေသခံတွေ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်။ မော်တော် ဆိုင်ကယ် နွားလှည်း အကုန်သွားလို့ရတယ်။ အခုလမ်းဖျက်ဆီးလိုက်တော့ ဘာမှ ဖြတ်လို့မရတော့ဘူး။ အခုဆိုင်ကယ်တစ်ခုတည်းသွားလာလို့ရတော့တယ်။ အဲဒီလမ်းကနေ တခြားကျေးရွာတွေနဲ့လည်း ဆက်သွယ်ထားတဲ့ လမ်းမကြီဖြစ်တယ်လို့ပြောပါတယ်။

နန့်ရင်းချောင်းလမ်းတံတားက ဟိုပင်မြို့အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး နိုင်ဝင်ဘာလ ၂၆ ရက်နေ့မှာ စက်ယန္တရားတွေအသုံးပြုပြီး သွားလာလို့မရအောင် တူးဖော်ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

နန့်ရင်းတံတားဖျက်ဆီးခံရမှုအတိုင်မှီ ဟိုပင်မြို့အရှေ့ဘက်ခြမ်း KIA တပ်မဟာ () သွားတဲ့ လမ်းဘက်ကို ဦးတည်ပြီး စစ်တပ်နဲ့ SNA တပ်တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် KIA ဘက်က လမ်းကြောင်းပေါ် ခုခံတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဟိုပင်မြို့ အနီးတဝိုက် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ယခုလို လမ်းတံတားဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဟိုပင်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

အဲဒီဘက်မှာ ဒီတစ်လောပစ်ခတ်တိုက်ခိုက်တာတွေရှိတယ်။ ဒုတိယအကြိမ်ဖြစ်ပြီးနောက် လမ်းဖျက်ဆီးလိုက်တာ။ စစ်တပ်နဲ့ SNA တပ်တွေ တက်လာတော့ KIA ဘက်က ပစ်ခတ်တာတွေလုပ်တယ်လို့ပြောပါတယ်။

လက်ရှိ ဖျက်ဆီးခံလိုက်ရတဲ့ နန့်ရင်းလမ်းတံတားက ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ () နယ်မြေကို ဆက်သွယ်ထားတဲ့ မိန်းလမ်းနေရာဖြစ်တာကြောင့် ဖျက်ဆီးလိုက်တာဖြစ်တယ်လို့လည်းဟိုပင်ဒေသခံတွေပြောပါတယ်။

နန့်ရင်းလမ်းတံတားက ဟိုပင်ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်းအတွက် မဖြစ်မနေ အသုံးပြုနေရတဲ့ လမ်းတံတားဖြစ်တာကြောင့် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပြီး လမ်းတံတားပျက်စီးသွားပေမယ့် ပြည်သူတွေပြန်ပြီး ဆောက်လုပ်မွမ်းမံထားတဲ့ လမ်းတံတားဖြစ်တယ်လို့လည်း ဆက်သိရပါတယ်။

မိုးညှင်းသံလမ်းတစ်လျှောက်မှာ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းကနေ စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်သားတွေ စစ်ရေးလှုပ်ရှားမှုပိုပြီး လုပ်ဆောင်လာတဲ့အပြင် ကျေးရွာအဝင်အထွက်နေရာတွေမှာ တပ်ချကာ လုံခြုံရေးတင်းကြပ်လာတာဖြစ်ပါတယ်။

အလားတူ အင်းတော်ကြီဒေသ နန့်မွန်မြို့၊ မမုံကိုင်၊ လုံးတုံ စတဲ့ ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး စစ်ရေးကြပ်တာတွေ၊ သွားလာရေးကန့်သတ်တွေ ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button