သတင်း

ဗန်းမောက်တိုက်ပွဲအတွင်း စစ်တပ်က လေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲ

စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက် နှစ်ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေယာဥ်နဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ ၂၉ ၊ ၃၀ ရက် မနေ့ကနဲ့ ဒီနေ့မနက်ခင်းတွေမှာ တစ်မနက်လုံးနီးပါး ဂျက်ဖိုက်တာ၊ Y12 အမျိုးစားလေယာဥ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လေယာဥ်ကလေ မကြဲတာကြာပြီ။ ဒီနှစ်ရက်ကိုဆက်တိုက်လာကြဲတာ။ အရင်လတွေကလည်းကြဲပါတယ်။ ဒါပေမဲ့ ခပ်ခွာခွာပေါ့ တိုက်ပွဲကလည်းငြိမ်တယ်လို့တော့မရှိပါဘူး။ ဒါပေမဲ့ပြင်းပြင်းထန်ထန်လာကြဲတာကတော့ ဒီနှစ်ရက်‌ပေါ့။ မနေ့တုန်းက တစ်မနက် လုံးလာကြဲတယ်။ ဒီမနက်ရောပဲ တစ်မနက်လုံးပဲလို့စစ်ရေးအခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့ကိုပြန်လည်ရရှိရေး အင်အားသုံးထိုးစစ်ဆင် နေတာဖြစ်ပြီး နှစ်ဖက်တပ်တွေအကြားအချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေနေရှိနေတာလို့သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းတိုက်ပွဲတွေကအနည်းငယ်ပြင်းထန်တဲ့အကြောင်း အထက်ပါဒေသခံအမျိုးသားကဆက်ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲရှိလို့ လေယာဥ်နဲ့လာကြဲတာပါ။ မြို့နားပတ်ချာလည်ပဲ။ တိုက်ပွဲကတော့ ပုံမှန်ဆိုရက်ခြားပြီးတော့ဖြစ်တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းတော့နှစ်ရက်ဆက်တိုက်ပေါ့လို့ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တပ်တွေအကြား ဗန်းမောက်မြို့ကပ်လျှက်ရွာတွေမှာ တိုက်ပွဲပြင်းထန်နေကြတာကြောင့် အရပ်သားထောင်နဲ့ချီ ဘေးလွှတ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကဆိုရင်လည်း ဗန်းမောက်မြို့တောတွင်းတစ်နေရာက MOH ဆေးရုံနဲ့ ဗန်းမောက် အချုပ်ထောင်တို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဧပြီလက နှစ်ပေါင်း၁၀၀ကျော်အတွင်းအပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြီးတဲ့နောက်ပိုင်း ဧပြီလကနေ ဇူလိုင်လအထိ ၄လအတွင်း နိုင်ငံတစ်ဝှမ်းက ဆေးရုံးဆေးခန်းနေရာ ၃၀ ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ခဲ့တယ်လို့ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button