ဖားကန့်လမ်းနဲ့လီဒိုလမ်းမပေါ်က စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ထဲ တိမ်းရှောင်နေကြတဲ့ ဖားကန့်စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် နေရာထိုင်ခင်းအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ် ကျေးရွာတွေထဲကနေ နမ္မတီးမြို့ထဲထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်အများပိုင်း နေရာထိုင်ခင်းအခက်အခဲဖြစ်နေတာကြောင့် ရာသီအကူအပြောင်းတွေကြား ဖျားနာသူတွေနဲ့ အခက်ခဲများစွာ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
“မိုးရာသီမှာတောင် အရမ်းကို ဒုက္ခရောက်ကြတာ တစ်ချို့ဆို သစ်ပင်အောက်တွေမှာနေတယ်။ တစ်ချို့က ကွင်းပြင်၊ လယ်ယာပြင်မှာတဲဆောက်ပြီးနေကြတော့ လေတိုက်ပြီဆိုတာနဲ့ အကုန်လွှင့်၊ မိုးပက်ပြီး နေလို့မရကြဘူး။ ဆိုတော့ မိုးရာသီလည်း မိုးရာသီဒုက္ခကို အံတုနေရတယ်။ အခု ဆောင်းရာသီဆိုလည်း ဆောင်းရာသီကို အဲလိုပဲ အံတုရင်း နေကြရမယ်။ ထွေထွေထူးထူး အကူအညီရတာမျိုးတွေလည်း မရှိဘူး။”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖားကန့်လမ်းနဲ့ လီဒိုလမ်းမပေါ်ရှိ နန့်ယား၊ ဒွမ်ဘုန်း၊ လဝါး၊ လဂေါင်၊ ကွမ်စိုင်ယန်–စတဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူတစ်ထောင်လောက်ဟာ လက်ရှိ နမ္မတီးမြို့ပေါ် ၆ နေရာလောက်မှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ မိုးကာတွေနဲ့သာဆောက်လုပ်ထားတဲ့ မိုးကာတဲတွေလည်း ယိုယွင်းပျက်စီးလာပြီဲဖြစ်တဲ့အတွက် ပြန်လည်ပြုပြင်ဖို့လိုအပ်နေတယ်လို့ သိရပါတယ်။
“အစထွက်ပြေးလာခဲ့ကြတဲ့အချိန်ကလို မဟုတ်တော့ဘူး။ အခု နေရာထိုင်ခင်းရဖို့အတွက်ပဲ အဓိက ဦးစားပေးဖြစ်သွားပြီ။ တခြား ဆောင်းရာသီရောက်ရင်တို့၊ မိုးရာသီရောက်ရင်တို့ ၊ ဟိုဟာနာ ဒီဟာဖျားလာရင်ဆိုပြီး တွေးပူနေရမယ့်အဆင့်တောင် မရောက်နိုင်တော့ဘူး။ နေရာတကာ ခြံတွေ၊ ဝင်းတွေ နည်းနည်းလွတ်တဲ့နေရာတွေ အားလုံးမှာ စုပြုံပြီးနေကြတယ်။ တချို့ကတော့ အဲလိုစစ်ဘေးရှောင်စခန်းမှာ မနေဘဲ ပိုင်ရှင်တွေမရှိတာ ဒါမှမဟုတ် ပိုင်ရှင်ရှိတဲ့ ခြံဝင်းတွေမှာ တဲဆောက်ယူပြီး နေကြတယ်။ ခက်ခက်ခဲခဲနဲ့ ကံလှ၊ မြို့သစ်၊ ညောင်တော၊ ၀အောင် တွေမှာ အပြည့်ပဲ” လို့ သူမက ဆက်ပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာအသင်းတော်တွေဘက်ကလည်း စစ်ရှောင်တွေအတွက်လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမပေးနိုင်ပဲ အရေးပေါ် ခွဲစိတ်ရမယ့်လူနာတွေကိုသာ ကူညီနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေကြပ်တည်းမှုတွေကြား လူ့အခွင့်အရေးအတွက် ကူညီထောက်ပံ့တဲ့အဖွဲ့အစည်းတွေလည်း အရင်လိုမရှိတော့တဲ့အတွက် ဒီနှစ်တွေမှာ တိုက်ပွဲကြောင့်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေအဖို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်ထူကိုယ်ထရပ်တည်နေကြရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ဖားကန့်တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ဖားကန့်စစ်ဘေးရှောင်တွေအပြင် နောက်ထပ် ဝိုင်းမော်တိုက်ပွဲကြောင့် ဧရာ၀တီမြစ်ကမ်းဘေးတွေမှာ တိမ်းရှောင်ခိုလှုံနေကြရတဲ့ နောင်းချိန်းစစ်ဘေးရှောင်တွေအတွက်လည်း ကူညီမှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNCHR ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရှောင် တစ်သိန်းကျော် ထပ်တိုးလာတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ



