တနိုင်းဒေသ တိုက်ပွဲဖြစ်ပြီး ပယင်းမှော်၊ ရွှေမှော် ရောက်အရပ်သားအားလုံးထွက်ခွာလာဖို့ စစ်ကောင်စီတပ်အမိန့်ပေးထား
ကချင်ပြည်နယ် တနိုင်းဒေသထဲ ပယင်းမှော်၊ ရွှေမှော်တွေမှာ ရောက်နေတဲ့ အရပ်သားအားလုံးကို မှော်ထဲကနေ ထွက်ခွာသွားကြဖို့ စစ်ကောင်စီတပ်က အမိန့်ပေးထားတယ်လို့ သိရပါတယ်။
တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊ ဝေလွန်၊ စံလော၊ လမုန်ခစတဲ့ပယင်းမှော်တွေနဲ့ တုံမနီ၊ ဒလူစတဲ့ ရွှေမှော်တွေမှာရောက်နေတဲ့ အရပ်သားတွေအားလုံးကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေစပြီး ထွက်ခွာသွားကြဖို့ တနိုုင်းမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒ.က.စ)ကအမိန့်ထုတ်ပြန်ထားကြောင်း တနိုင်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ပယင်းမှော်တွေအားလုံးထွက်လာကြဖို့တစ်မှော်ပြီး တစ်မှော်စစ်တပ်ဘက်က စာဖြန့်ထားတယ်။ နောက်ပြီးတလူး၊ တုံမနီဘက်က ရွှေကလူတွေ အားလုံးကိုလည်းထွက်ခိုင်းတယ် အခု ဒီတနိုင်းမြို့ပေါ်မှာက ခြေချစရာနေရာတောင်မရှိဘူး မှော်ထဲကလူတွေနဲ့ပြည့်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ် အမိန့်ပေးထားတာကြောင့် တနိုင်းဒေသထဲက ပယင်းမှော်နဲရွှေမှော်ဒေသထဲကပြည်သူတွေဟာ တနိုင်းမြို့ပေါ်ကို နေ့စဉ်ဝင်ရောက်လာနေကြတယ်လို့ သိရပါတယ်။
“စစ်တပ်ကထွက်လာကြဖို့အမိန့်ပေးထားတာဆိုတော့အခု ရွှေမှော်နဲ့ပယင်းမှော်သွားတဲ့ လမ်းတွေအားလုံးကို တနိုင်းကနေ ပိတ်ထားတယ် ထွက်လာလို့တော့ရတယ်။ ဒါပေမယ့်သွားလို့တော့မရဘူး အဝင်ဖွင့်ပေးပြီးအထွက်ကိုတော့ ပိတ်ထားပါတယ် ဒီလ ၁၆ ရက်နေ့ကနေစထွက်လာကြတာအခုထိပဲနေ့တိုင်းဝင်လာကြတယ်မှော်ထဲကလူတွေ”လို့တနိုင်းမြို့ခံအသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယခုလ ၁၅ ရက်နေ့နှင့် ၁၆ရက်နေ့ နှစ်ရက်ဆက်တိုက် နမ်ဗျူပယင်းမှော်နဲ့ လမုန်ခ စတဲ့ပယင်းမှော်အနီးတဝိုက်မှာ စစ်ကောင်စီ တပ်နဲ့ KIAပူးပေါင်းတပ်တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အရပ်သားတွေ ထွက်ခွာလာကြဖို့ စစ်ကောင်စီတပ် ဘက်က အခုလိုအမိန့်ပေးထားတာလို့ သိရပါတယ်။
“ပြီးခဲ့တဲ့ ဆယ်ရက်ကျော်တုန်းကတော့ လမုန်ခ မှော်ဘက်မှာ နှစ်ရက်ဆက်တိုက်ဖြစ်ကြတယ် တစ်နေကုန်၊ တစ်ညလုံးလည်းပစ်ကြတယ်။ တနိုင်းကနေတောင်လက်နက်ကြီးအသံတွေကြားရတယ် အဲ့ကနေကတချို့လူတွေ စထွက်လာကြတာ အများပိုင်းမထွက်လာကြလို့နေမှာစစ်တပ်ဘက်က ထွက်လာဖို့အမိန့်ပေးလိုက်တာ”လို့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေထွက်ခွာလာကြဖို့အမိန့်မထုတ်ပြန်မှီ ဒီဇင်ဘာ ၁၅၊၁၆ ရက်နေ့တွေမှာ ပယင်းမှော်တွေဘက်ကို လက်နက်ကြီးပစ်တာ၊ လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
တနိုင်းမြို့နယ်အထက်ဘက်မှာရှိတဲ့နာမ်ဗျူ၊လမုန်ခ၊ဝေလွန်စတဲ့ပယင်းမှော်တွေဟာ KIA တပ်မဟာ ၁၄ နယ်မြေထဲမှာတည်ရှိတာ ဖြစ်ပါတယ်။
By – Zaw Zaw



